ဖောက်ခွဲမှုကျူးလွန်သူများအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပေါ်ရပ်ကွက်များ၌ ပေါက်ကွဲမှုဖြစ်စဉ်များမှ ကျူးလွန်သူ များအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃ ရက် နံနက် ၉ နာရီခန့်တွင် မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက်၊ (၁၁)လမ်းနေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးနော်မိုင်လှကြည်၏ နေအိမ်ခြံစည်းရိုးထောင့်ရှိ အုတ်ရေမြောင်းဘောင်ပေါ်၌ မသင်္ကာဖွယ်အထုပ်တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိခဲ့ရပြီး ယခင်အကြမ်းဖက်ပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့သည့် တရားခံ ချစ်ကိုကို(ခ)ချစ်ကိုအား ဖမ်းဆီးစဉ် သိမ်းဆည်းရမိခဲ့သည့် မိုင်းပုံစံနှင့်တူညီနေသည့်အတွက် အသေးစိတ်ထပ်မံစစ်ဆေးခဲ့ သည်။

ထိုသို့ စစ်ဆေးခဲ့ရာ ချစ်ကိုကို(ခ)ချစ်ကို၏ ထွက်ဆိုချက်အရ ၎င်းအား လက်လုပ်မိုင်းများ ပြုလုပ်ပေးသူမှာမြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဖိုးဒီ(ခ)သစ်လွင်သန့် (၃၀)နှစ် ဂရုဏာရှင်ပရဟိတ အသင်းဝင်၊ သစ္စာဦးဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း (ဘ)ဦးကျင်အစ်နှင့် အခြားအမျိုးသား ၁ ဦး တို့ဖြစ်ကြောင်း၊ ဖိုးဒီ(ခ)သစ်လွင်သန့်အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့၊ ညောင်ခြေထောက်ကျေးရွာနေ ဦးအင်ဟုတ်(၆၇)နှစ် (ဘ) ဦးတင်မောင်(ခ) ပေါက်ချမ်း၏နေအိမ်၌ ရောက်ရှိပုန်းခိုနေကြောင်း သိရှိရသဖြင့် သွားရောက်ဖမ်းဆီးရာ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဖိုးဒီ(ခ)သစ်လွင်သန့်အား ဖမ်းဆီးရမိခဲ့ပြီး အိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဦးအင်ဟုတ် အား အကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့် လည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန် ၃ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မေတ္တာလမ်းနေ နေမျိုးအောင်(ခ)ဆံရှည် အား လက်လုပ်ဗုံး ၃၄ လုံး၊ ကီးပက်ဖုန်း ၈ လုံး၊ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ညနေ ၅ နာရီခန့်တွင် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ အမှတ်(၂/ ၇၀)နေ မဇာ(ခ)တင်ဇာနွေး(၄၁)နှစ်၊ (ဘ)ဦးဇော်ဆန်း နေအိမ်၌ လက်လုပ်သေနတ် ၁ လက်၊ M-22 ကျည်အိမ် ၂ ခုနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ည ၇ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စုအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် အမျိုးသား ၂ ဦး မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကျန်ခဲ့သည့် အထုပ်အတွင်းမှ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်ပါ ကျည်အိမ် ၁ ခု၊ ကျည် ၁၇ တောင့်၊ စနစ်တံပါ လက်ပစ် ဗုံး ၁ လုံးတို့အားလည်းကောင်း၊ ယနေ့နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်၊ (၁၆/၁)ရပ်ကွက်နေ ချစ်မင်းထွေး(၃၀)နှစ်(ဘ)ဦးမြင့်သိန်း ပါ အမျိုးသား ၂ ဦးနေထိုင်သည့် နေအိမ်အတွင်းမှ အကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ဇော်မျိုးထွန်း(ခ)အိတီ(၄၇) နှစ်(ဘ)ဦးထွန်းသိန်း အား အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အထက်ပါ ဖောက်ခွဲမှုဖြစ်စဉ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းပြုလုပ် ပေးခဲ့သူများ၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့် လက်နက်၊ ပစ္စည်းကိရိယာများ၊ သိုဝှက်သိမ်းဆည်း ထားရှိသူများနှင့် လက်ဝယ်ထားရှိသူများအား ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။