ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီးစာရေးသင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်  တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီးစာရေးသင်တန်းသားများနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ - ၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်နယ်မှ ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်  တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းသားများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်း(ဗထူး) အောင်ဆန်းခန်းမနှင့် တပ်မတော်(ကြည်း) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းခန်းမ တို့တွင် သီးခြားစီ တွေ့ဆုံ၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ လည်းကောင်း အမှာစကားပြောကြားသည်။

          တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

          ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်း ကျောင်းကြီးများနှင့် လက်ရုံးဝန်ထမ်းတပ်များ အခြေပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ကြောင်း၊ တပ်မြို့တွင်နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များအနေဖြင့် မိမိတို့တပ်၊ ကျောင်းများကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်၍ ယနေ့ခေတ်စစ်ပွဲပုံသဏ္ဍာန်သည် ဘက်စုံ စစ်ပွဲအသွင် Multi Dimensional Warfare အဖြစ် အင်အားကြီးနိုင်ငံကြီးအချို့က ဖွံ့ဖြိုးဆဲ နိုင်ငံငယ်နှင့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့အပေါ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအပေါ်တွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေးနှင့် ဝါဒဖြန့်ချီရေး စသည် နယ်ပယ်ပေါင်းစုံဖြင့် ထိုးနှက်လုပ်ဆောင်နေမှုများရှိနေကြောင်း၊ အကြမ်းဖက်မှုကို လိုလားသူ များအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဖက်ဖက်မှ ပြိုလဲဖျက်ဆီးရန် ကြိုးပမ်းလာခဲ့မှု၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ဘာသာသာသနာဆိုင်ရာ ထိုးနှက်လာခဲ့မှုများကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ ကာကွယ်နိုင်ရန်လိုကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်ဖြူ ကျူးကျော်မူ၊ မူဂျာဟစ် သောင်းကျန်းမှု၊ ကွန်လုံရက် ၄၀ တိုက်ပွဲ၊ မုံကိုး၊ လောက်ကိုင် လွတ်မြောက်နယ်မြေဖြစ်ရေး အကြမ်းဖက်တိုက်ခိုက်မှုများကို တပ်မတော်က အမျိုးသားရေး စိတ်ဓာတ်ဖြင့်ပင် ဦးဆောင်မှုဖြင့် ကာကွယ်ခဲ့ကြောင်း၊ အလားတူ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပျက်ပြားစေရန် အဓမ္မ နိုင်ငံတော်အာဏာရယူရန် ကြိုးပမ်းလာမှု ကိုလည်း တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်းပေး ခဲ့ရကြောင်း။ ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာ သိသင့်သိထိုက်၊ တတ်သိတတ်အပ်သော စစ်မှုအတတ်ပညာများ၊ စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဆောင်ရွက်တက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက်လည်း တပ်မတော်သားများအနေဖြင့် အမြဲတမ်းလေ့ကျင့်နေကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာ တွင် နည်းပြများအနေဖြင့် စေတနာထား၍တက်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန် လိုကြောင်း၊ မိမိသိသကဲ့သို့၊ မိမိတတ်သကဲ့သို့၊ မိမိကျွမ်းကျင်သကဲ့သို့ သင်တန်းသားများအား တတ်သိကျွမ်းကျင်အောင် အိတ်သွန်ဖာမှောက် သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများ အနေဖြင့် သင်တန်းသား တပည့်များကို ဆရာဂုဏ်ပြည့်ဝစွာဖြင့် “ ရှေးရှုမေတ္တာ၊ ဂရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့” ဆိုသကဲ့သို့ သင်ကြားစောင့်ရှောက်ပေးရမည်ဖြစ်ကြောင်း။

ဆက်လက်၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်း တပ်မတော် (ကြည်း၊ရေ၊လေ)၊ လက်ရုံးတပ်ဖွဲ့အသီးသီးက ကျရာအခန်းကဏ္ဍမှ ကျေပွန်အောင်ထမ်း ဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ တာဝန်ကိုကောင်းမွန်စွာ ထမ်း ဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးရာ၊ မွမ်းမံလေ့ကျင့်ပေးရာသင်တန်းကျောင်းကြီးများ ရှိရာ မြို့ဖြစ်၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအားပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်း။

တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ တပ်မတော်သားများသည် နိုင်ငံတော် ကိုကာကွယ် မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိတို့၏ စိတ်ဆန္ဒအရ ဝင်ရောက်တာဝန် ထမ်းဆောင်နေသူများသာဖြစ်ပြီး တိုင်းရင်းသား အားလုံးနှင့် ဖွဲ့စည်းထားသော ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း၊ မဖြစ်မနေ အဓမ္မ စုဆောင်းခြင်းကို ခွင့်မပြုသကဲ့သို့ ကျန်းမာရေး၊ ပညာရေးအရ လိုအပ်သည်များကိုလည်း ကန့်သတ်၍ စီစစ်ရွေးချယ်ခန့်ထား ခြင်းခံရသူများ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်ပြီးချိန်တွင်လည်း လုံလောက်သောအချိန်ရယူ၍ လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး ခေတ်မီလက်နက် ကိရိယာများ ပြည့်စုံအောင် တပ်ဆင်ပေးလျက် ရှိကြောင်း၊ တပ်ဆင်ပေးထားသော ခေတ်မီ လက်နက်ကိရိယာများကို အပြည့်အဝအသုံးချ၍ တိုက်ပွဲစွမ်းရည်၊ တိုက်ပွဲစွမ်းအား ရရှိအောင် ဖန်တီးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း သည် တစ်ဦးချင်း၏ စွမ်းရည်၊ တစ်ဦးချင်း၏ စွမ်းအားကို စနစ်တကျဖော်ထုတ်နိုင်ပြီး ကြီးမားသောစုစည်းစွမ်းအားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အခြေခံကျ သော လေ့ကျင့်မှုများကို ရရှိသောအချိန်တိုင်း အလေး ထားလေ့ကျင့်နေကြရန်လိုကြောင်း။

စစ်စည်းကမ်းနှင့်ပတ်သက်၍ တပ်မတော်သားများ၏ အသက်ခန္ဓာသည် စစ်စည်းကမ်း နှင့် အမိန့်နာခံမှုပင်ဖြစ်‌ ကြောင်း၊ စစ်စည်းကမ်းကို တိကျစွာလိုက်နာ၍ ပေးအပ်သော အမိန့်ကို နာခံခြင်းဖြင့် ရည်မှန်း ချက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ရန်ဟူသော အဓိကတာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။ စည်းကမ်းသည် တပ်မတော်၏ အဓိကကျောရိုး မဏ္ဍိုင်တစ်ခုဖြစ်ပြီး နေထိုင်သွားလာ စားသောက်မှုမှအစ အသေးစိတ်လုပ်ကိုင် ဆောင်ရွက်မှု အားလုံးကို အခြေခံလေ့ကျင့်ရေး ဝင်သည့်ကာလကပင် စနစ်တစ်ခုအဖြစ် သင်ကြား လေ့ကျင့်ပေးပြီးဖြစ်ကြောင်း၊ ၎င်းအလေ့အကျင့်ကို ဘဝတစ်လျှောက်လုံး အလေ့အထဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ခေါင်းဆောင်မှုနှင့်ပတ်သက်၍ လုပ်ငန်းတာဝန်အောင်မြင်ရန်မှာ ခေါင်းဆောင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော် ပြန်တမ်းအဖြစ် ခေါင်းဆောင်ခန့်အပ်မှုနှင့် လက်အောက် အရာရှိ ၊ စစ်သည်များက ခန့်အပ်သည့် ခေါင်းဆောင်မှုသည် မတူညီကြောင်း၊ မိမိ၏စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင် မှု၊ နေထိုင်ပြောဆိုမှုကိုလိုက်၍ လက်အောက်၏ ယုံကြည်ကိုးစားမှု၊ လေးစားမှုကိုရရှိ၍ ခေါင်းဆောင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်က ပြဌာန်းထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်ကို သိရှိလိုက်နာ နေရန်လိုကြောင်း၊ ထို့အပြင် လုပ်ငန်းတာဝန်အရ တပ်မှူးကောင်းစိတ်ဓာတ်ထားရှိရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း မိဘသဖွယ် စိတ်ဓာတ်ဖြင့် မိသားစုကဲ့သို့ နွေးထွေးစွာ ဆက်ဆံကြရန်လိုကြောင်း၊ မိမိကွပ်ကဲနေသော တပ်အရွယ်အစားအလိုက် လက်အောက်ငယ်သားများနှင့် ပတ်သက်၍ကောင်းမွန်သော အုပ်ချုပ်သူ၊ ကောင်းမွန်သော ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူ၊ ကောင်းမွန်သော တရားစီရင်နိုင်သူနှင့် ကောင်းမွန်သော လေ့ကျင့်ရေးမှူးကောင်းများနှင့် တပ်မှူးကောင်းများအဖြစ် တည်ဆောက် နေထိုင်ရန်လို ကြောင်း၊ သို့မှသာ လက်အောက်ကယုံကြည်အားထားရသည့် အောင်မြင်သော စစ်ဘက် ခေါင်းဆောင်များ ဖြစ်လာမည်ဖြစ်ကြောင်း။

ဒါ့အပြင် ကျန်းမာကြံ့ခိုင်မှုနှင့်ပတ်သက်၍ ပေးအပ်သော လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များ အောင်မြင်နိုင်ရန် ကိုယ်ခန္ဓာ ကြံ့ခိုင်ကျန်းမာနေရန်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကောင်းမွန်ရန် လည်းလိုအပ်ကြောင်း၊မိမိကိုယ်တိုင် သာမက မိမိကွပ်ကဲအုပ်ချုပ်သူ အားလုံးသည် ကိုယ်ရောစိတ်ပါ အမြဲကြံ့ခိုင် ကျန်းမာသန်စွမ်း နေအောင် စီမံဆောင်ရွက် နေရန်လိုကြောင်း။

အထူးသဖြင့် တပ်မတော်သားများ၏ လုပ်ငန်းသဘောသဘာဝအရ ခက်ခဲကြမ်းတမ်း ၍ ပင်ပန်းဆင်းရဲသော ရည်မှန်းချက်တာဝန်များ ထမ်းဆောင်နေရသူများဖြစ်၍ အမြဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် သစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထား သူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာကိုအသုံးချ၍ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ တပ်မတော်သား တစ်ဦး ချင်းလိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ဖြစ်သော ကျင့်ဝတ်အပါး ၂၀ တွင် ပါရှိသည့် ငွေကြေး ဆိုင်ရာကျင့်ဝတ်၊ အမျိုးသမီးဆိုင်ရာကျင့်ဝတ်၊ မူးယစ်ဆေးဝါးဆိုင်ရာကျင့်ဝတ် စသည့်တို့ကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် ထိန်းသိမ်းခြင်းဖြင့် တပ်မတော်သားဟူသော ဂုဏ်ပုဒ်ကို မြှင့်တင် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။ စိတ်ဓာတ်ကြံ့ခိုင်ရန် စာဖတ်ခြင်းသည် ကြီးမားသော အထောက်အကူပြုမှုဖြစ်၍ စာကောင်းပေမွန်များ ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ အဆင့် အတန်းအားလုံးဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ တပ်မတော်အကြီးအကဲအနေဖြင့် တပ်မတော်ပိုင် နေ့စဉ်သတင်းစာနှင့် စာအုပ်၊ စာစောင်များ မဂ္ဂဇင်းနှင့် ဆောင်းပါးများ၊ အထွေထွေ ဗဟုသုတဆိုင်ရာများ ပုံမှန်ထုတ်ဝေဖြန့်ချီပေးလျက်ရှိကြောင်း။

တပ်မတော်တည်ဆောက်မှုနှင့်ပတ်သက်၍ တပ်မတော်ကို နိုင်ငံတကာနှင့် ယှဉ်၍ စနစ်တကျဖွဲ့စည်းထားခြင်းဖြစ်ရာ နိုင်ငံတကာ ဥပဒေများဖြစ်သည့် Geneva Convention, ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများချေမှုန်းရာတွင် လိုက်နာရမည့် ROE စသည် တို့ကိုလည်း သိရှိလိုက်နာရန်လိုကြောင်း၊ အလားတူ လုပ်ငန်း လမ်းညွှန် ဖြစ်သော တပ်မတော်သားများ စောင့်ထိန်းလိုက်နာ လျက်ရှိသည့် ကျင့်ဝတ်အပါး ၆၀ တွင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်၊ ရန်သူ အပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များ သည်လည်း နိုင်ငံတကာက လက်ခံထားသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကျင့်ဝတ်များနှင့် ကိုက်ညီမှုရှိသည်ကို သိရှိရန်လိုကြောင်း။

ပေးအပ်သောတာဝန်များ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် ရေးအတွက် မပျက်လေ့ကျင့်နေရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆောင်ပုဒ်များကို လိုက်နာလုပ်ဆောင်ရန်လိုကြောင်း၊ အလားတူ စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန်မှာ လည်း အရေးကြီးကြောင်း၊ နိုင်ငံကို ဖျက်ဆီးလိုသူများသည် ဘက်ပေါင်းစုံမှ သွေးခွဲတိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့အပေါ်တုံ့ပြန်နိုင်ရန် စိတ်ဓာတ်ကြံ့ခိုင်မှုရှိရန် လိုကြောင်း၊ အမှားအမှန်ပိုင်းခြားဝေဖန်တက်မှု၊ မိမိ၏ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝမှုဖြစ်စေရန်မှာ စာအုပ်၊ စာပေ လူ့မိတ်ဆွေဆိုသကဲ့သို့ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း စာကောင်းပေမွန်များ ကိုလည်း အခွင့်အရေးရရှိသည့် အချိန်တိုင်း၌ ဖတ်မှတ်လေ့လာနေရန် လိုပါကြောင်း၊ စာဖတ်ခြင်းဖြင့် အတွေးမှန်၊ အသိမှန်များရရှိကာ ယုံကြည်ချက်၊ ခံယူချက်၊ ရည်မှန်းချက် များ မြင့်မားကာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း။

ဗထူးတပ်မြို့သည် လေ့ကျင့်ရေးကျောင်းကြီးများရှိသကဲ့သို့ ခြေလျင်/ခြေမြန်တပ်ရင်း များ၊ လက်ရုံးတပ်ဖွဲ့များလည်း ရှိကြရာ တပ်ရင်း/တပ်ဖွဲ့နှင့် မိသားစုများအတွက် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ကိုလည်း နေ့စဉ်သမားစဉ်လုပ်ငန်းများနှင့်အတူ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်မှာလည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့သို့ တပ်နယ်အတွင်း ရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများကို တိုက်ပွဲဝင်စိတ်ဓာတ်များ၊ စစ်မှုအတတ်ပညာ များ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့်ပေးနေရမှာဖြစ်ကြောင်း။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ပင်နရံကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကြောင်းထားကြောင်း၊ စစ်စည်းကမ်း ဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်း များကို ဟန်ချက်ညီ ထိန်းကြောင်းသွားရန် လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင် ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် တပ်ရင်း/တပ်ဖွဲ့အသီးသီးက အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် နိုင်ငံအနှံအပြား စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်ပြားချိန်တွင် တပ်ရင်း/တပ်ဖွဲ့များမှ ထွက်ရှိသော စိုက်ပျိုး/မွေးမြူရေး ထွက်ကုန်များသည် တပ်တွင်းရှိ အရာရှိ၊ စစ်သည်များအပြင် တပ်ရင်း/တပ်ဖွဲ့အလိုက် စည်းရုံးရေးနယ်မြေဒေသအသီးသီးရှိ ပြည်သူအများစုအတွက်လည်း တစ်ဖက်တစ်လှမ်းက အထောက်အကူ ပြုခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ ချမှတ်ထားသော သက်သာချောင်ချိ ရေးဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်နေရ မည်ဖြစ်ကြောင်း။

စိတ်ဓာတ်ပိုင်းဆိုင်ရာအနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး တစ်ဦးချင်း၏ တပ်ဖွဲ့အပေါ် ချစ်ခင်သည့် သံယောဇဉ်စိတ်ဓာတ်ရှိရန် လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရန် ရေပက်မဝင်သော စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပြီး စည်းလုံးညီညွတ်မှုမှ ပေါင်းစည်း အင်အားဖြင့် ပူးပေါင်းဆောင် ရွက်မှုများ ရရှိမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့စိတ်ဓာတ်မှ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ထွက်နိုင်မည်ဖြစ်ကြောင်း။

ယနေ့အထိ တပ်မတော်အနေဖြင့် ခိုင်မာသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မှုမှာ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် တစ်ဦးချင်းတို့၏ ကျန်းမာကြံ့ခိုင်သောဇွဲ စိတ်ဓာတ် များကြောင့် ပင်ဖြစ်ကြောင်း၊ စစ်ဆင်ရေးအပါအဝင် လုပ်ငန်းတာဝန်များ အောင်မြင်စွာ ထမ်းဆောင် နိုင်ရန်မှာ စိတ်ဓာတ်ကောင်းမွန်ရန်လိုအပ်ပြီး စိတ်ဓာတ်ကောင်းမွန်ရန်မှာလည်း သက်သာ ချောင်ချိရေးနှင့် အုပ်ချုပ်ရေးတို့ မျှတကောင်းမွန်နေရန်လိုကြောင်း၊ ဒေသရှိ တိုင်းရင်းသား ပြည်သူလူထုက ယုံကြည်ကိုးစားရသော တပ်နယ်၊ နိုင်ငံတော်၊ တပ်မတော်က အားထား ရသည့် တပ်နယ်တစ်ခုဖြစ်အောင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်း။

လက်ရှိတည်ဆောက်ထားသည့် ရေပက်မဝင်သော စည်းလုံးမှုကို ဆက်လက်ခိုင်မြဲ အောင် ထိန်းသိမ်းသွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ညီညွတ်မျှတသော အုပ်ချုပ် မှုဖြင့် မိမိလက်အောက်ငယ်သားများကို ကျောသားရင်သားမခွဲခြားဘဲ စီမံအုပ်ချုပ်ရန် လိုကြောင်း၊ ရပိုင်ခွင့်နှင့် သက်သာချောင်ချိမှုများ မှန်မှန်ကန်ကန်မျှတစွာ ရရှိအောင် တာဝန် ရှိသူများက စိတ်ဝင်တစားလုပ်ဆောင်နေရန်လိုကြောင်း၊ မိမိကွပ်ကဲရသော တပ်အဖွဲ့အစည်း ကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်၍ ထိတွေ့ဆက်ဆံရသော မိဘပြည်သူများအပေါ် ဆွေမျိုးမိဘသဖွယ် ဆက်ဆံခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာဖြစ်သည့် ပြည်သူ့စစ်မဟာဗျူဟာကို အောင်မြင်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိဘပြည်သူ များကို နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်နေသော အကြမ်းဖက်အဖွဲ့များ၏ ဘေးရန်ကို ကာကွယ် ပေးနိုင်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြား ပြီး တက်ရောက်လာကြသည့် သင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်းတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သင်တန်းသားများ၊ ဗိုလ်လောင်းများနှင့်  အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်က ဒေသထွက်စားသောက်ဖွယ်ရာ များနှင့်  မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လက်ခံရယူသည်။

ထို့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က သင်တန်းသားများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။