ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ မတ် - ၂၀

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များကို ဆွေးနွေးပြော ကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဒေါက်တာ မူထန်၊ ဒေါ်ဒွဲဘူနှင့် ဦးမောင်ကို၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း နှင့် ဦးအောင်နိုင်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ ဖွံဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် စက်မှုဇုန် များ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ MSME ထုတ်ကုန်ပြပွဲများ၊ ဈေးရောင်းပွဲတော်နှင့် Talk Show များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းပို့ချပေးခြင်းများ ဆောင်ရွက်လျက်ရှိမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)ရှင်များဖြစ်ကြသည့် စစ်ကိုင်းမြို့ စက်မှုလုပ်ငန်းရှင်များ ကိုယ်စား ဦးကိုကိုမြင့်၊ စစ်ကိုင်းမြို့ ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးထွန်းထွန်းဦး၊ ရွှေဘိုမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဖြိုးသူရ၊ ရွှေဘိုမြို့ ကုန်သည်လုပ်ငန်းရှင်များ ကိုယ် စား ဦးကျော်ငွေ၊ ကလေးမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးဇော်ဝမ်း၊ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးစိုးမြင့်၊ မုံရွာမြို့ စက်မှုလုပ်ငန်းရှင်များကိုယ်စား ဦးခင်မောင်ညို၊ မုံရွာမြို့ ကုန်သည်လုပ်ငန်းရှင်များကိုယ်စား ဦးသန်းဌေးအောင် နှင့် တက်ရောက်လာကြသူများက စစ်ကိုင်းစက်မှုဇုန်ဆိုင်ရာ အချက်အလက်များနှင့် စက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စစ်ကိုင်းမြို့၌ စက်သုံးဆီလိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုမှု၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေများကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်စေလိုမှု၊ အရည် အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့် ရွှေဘိုပေါ်ဆန်းကို ရေရှည်တည်တံ့ ခိုင်မြဲစေ ရေး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရှိမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား လိုအပ်ချက်ကို ဖြည့်ဆည်းပေး စေလိုမှု၊ လေကြောင်းခရီးစဉ်များကို ယခုထက် ပိုမိုပြေးဆွဲဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် ခေတ်မီစက်ကိရိယာများ တင်သွင်းရာတွင် ပိုမိုလျှင်မြန်မှု ရှိ စေရေး ဆောင်ရွက်ပေးစေလိုမှု၊ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုပိုမို လျှင်မြန် ချောမွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့ရေးတို့အတွက် ဆောင်ရွက် ပေးစေလိုမှု၊ စစ်ကိုင်းမြို့ရေလုံလောက်စွာရရှိရေးအတွက် ဆိုလာစနစ်သုံး ရေပေးဝေ ရေးစနစ် ဖော်ဆောင်ပေးစေလိုမှု၊ ပြည်တွင်းပြည်ပခရီးသွားများ အများဆုံး အသုံးပြု လျက်ရှိသည့် စစ်ကိုင်းတောင်ရိုးလမ်းနှင့် ကမ်းနားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးစေလိုမှု၊ မြို့တွင်း၌ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကိုင်းမြို့ မြို့ရှောင် လမ်း ဆောင်ရွက်ပေးစေလိုမှု၊ ရိုးရာငွေထည်လုပ်ငန်း၊ ကြေးထည်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုမှု၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေး-စစ်ကိုင်း-အင်းတော်-ကသာ မီးရထား လမ်း ပြေးဆွဲဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြား လိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ် ချက်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေး ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စပါး စိုက်တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တင်ပြချက်များ အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသဖြင့် မိမိတို့ဒေသများရှိ ဦးစီးဌာနများမှတဆင့် ဆက်သွယ်ဆောင်ရွက် နိုင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူလူထုတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်း အဖွဲ့ များစုဖွဲ့၍ လိုအပ်သည့် နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME ပြပွဲ၊ ပြိုင်ပွဲများ နိုင်ငံအဝန်းဆောင်ရွက်လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်စေနိုင်သည့်အတွက် လုပ်ငန်းရှင်များ အားလုံး ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ဆွေးနွေးပြောကြားကြသည်။  ထို့နောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် အလေးထား မှတ်သား၍ တိုင်းဒေသ ကြီး အစိုးရအနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံး ဆက်သွယ်၍သော်လည်းကောင်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

        ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် လုပ်ငန်းရှင်များကို တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယနေ့ တွေ့ဆုံမှုတွင် တစ်ဦးချင်း၏ စီးပွားရေးလုပ်ငန်းများတွင်ကြုံတွေ့ရသည့် အခက်အခဲ များကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် မိမိတို့ဒေသတွင်းမှ ထွက်ရှိ သည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာ ဆောင် ရွက်လျက်ရှိသည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အခြားဒေသများမှ ထွက်ရှိ သည့် ကုန်ကြမ်းများကို မှီခိုရန်မလိုဘဲ မိမိဒေသအတွင်း ထွက်ကုန်များဖြင့် အောင် မြင်စွာ ထုတ်လုပ်နိုင်သည့်ဒေသတစ်ခုဖြစ်သည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် ဒေသဖြစ်ပြီး ဧရာ ဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်ခုအကြားတွင် တည်ရှိနေသည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း။

စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျင် နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားကို တည်ဆောက်နိုင်မည်

နိုင်ငံ တစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် ရပ်တည်ဆောင်ရွက်ရကြောင်း၊ စည်းလုံးညီညွတ် မှုရှိသည့် နိုင်ငံသားများဖြင့် ရပ်တည်ဆောင်ရွက်မည်ဆိုပါက နိုင်ငံရေးအားကောင်းမွန် မည် ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ကာကွယ်ရေးကိုတည်ဆောက်နိုင်ပါက နိုင်ငံတကာတွင် အထိုက် အလျောက်ဩဇာရှိနိုင်ကြောင်း၊ မောင်းနှင်အားများအနက် စီးပွားရေး မောင်းနှင်အား သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုစေနိုင်ကြောင်း၊ စီးပွားရေး မောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံ ရေးနှင့်ကာကွယ်ရေး မောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးပညာရပ်ကို လူတိုင်းနားလည်သင့်ကြောင်း၊ အစိုးရအနေဖြင့် တစ်နိုင်ငံလုံးစီးပွားရေးနှင့် ပြည်သူလူထု၏ စီးပွားရေး တိုးတက်အောင် စီမံဆောင်ရွက် ရကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်စေရေးနှင့် လူအများကို ကြီးပွားချမ်းသာစေမည့် လမ်းကြောင်းကိုမြှင့်တင် ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျင် ရောင်းကုန်ပစ္စည်းများ ရရှိ မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုန်ကြမ်း ပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသတွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများကို ကုန်ကြမ်းအတိုင်းသာ ရောင်းချမည်ဆိုပါက အကျိုးအမြတ်ရရှိမှုနည်းပါးမည်ဖြစ်ပြီး ကုန်ချောအဖြစ်ထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း။

ဒေသတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်လို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီမှုမရှိသည်ကိုတွေ့ရကြောင်း၊ စပါးစိုက်ပျိုးမှုများကို စနစ်တကျ ဆောင်ရွက်ပြီး တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသတွင်းဝမ်းစာဖူလုံမှုကို အထောက်အကူပြုနိုင်သည့်အပြင် ပိုမိုထွက်ရှိသည့် ထုတ်ကုန်များကို ပြင်ပသို့ရောင်းချနိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း စစ်ကိုင်း တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးမှုအမြင့်မားဆုံးဖြစ်ပြီး ယခုထက်ပိုမို ထွက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဂျုံ မျိုးကောင်းမျိုးသန့်များရရှိအောင် စိုက်ပျိုးရေးသုတေသနဌာန၊ ဂျုံစိုက်တောင်သူများနှင့် ဂျုံအသုံးပြုသူများ သုံးဦးသုံး ဖလှယ် ပူးပေါင်းဆောင်ရွက်၍ ဂျုံ မျိုးကောင်း မျိုးသန့်များရရှိအောင် သုတေသနပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက် ကိုသာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေးအထိ မျှော်မှန်း စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချရန်လိုပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးအတွက်ခွင့်ပြုထားသည့် စိုက်ပျိုး မြေ ၅ သိန်းခန့်မှာ ပြည့်မီစွာ စိုက်ပျိုးမှုမရှိသည်ကို တွေ့ရကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် မျိုး ကောင်းမျိုးသန့်များဖြစ်ရန်၊ မြေကောင်းမွန်ရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရန်နှင့် စိုက်နည်းစနစ်မှန်ကန်ရန်လိုကြောင်း၊ ဓာတ်မြေဩဇာလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျမွေးမြူဆောင် ရွက်ပြီး တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင် ကြောင်း၊ နို့စားနွားနှင့် အသားစားနွား မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်၊ စိုက်ပျိုးမွေးမြူရေးဇုန်များကို အကောင်အထည်  ဖော်ဆောင်ရွက်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက စစ်ကိုင်းတိုင်း ဒေသ ကြီးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူတို့တွင် မွေးဖွားစဉ်မှ သေဆုံးသည့်အချိန်အထိ အဝတ်အထည်များ လိုအပ်ကြောင်း၊ ထို့ကြောင့် အဝတ် အထည်များ ရက်လုပ်ခြင်းအတွက် လိုအပ်သည့် ဝါ စိုက်ပျိုးမှုများကို အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝါ စိုက်ပျိုးမှုများကို ယခု ထက်ပိုမိုတိုးတက်အောင်မြင်အောင် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ဝါ စိုက်ပျိုးမှုများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလို ကြောင်း၊ အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်တွင်း လိုအပ်မှု ကိုသာမက ပြည်ပသို့ပါတင်ပို့ရောင်းချနိုင် မည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စပါး၊ ဂျုံ၊ ဝါနှင့် ဆီထွက်ပစ္စည်းများကို အောင်မြင်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတိုးတက်မှု များကို ပိုမိုဖြစ်ထွန်းစေပြီး နိုင်ငံအတွက်လည်း အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံ၌ စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါးထွက်ရှိမှုနှုန်းအမြင့်ဆုံး ဖြစ်ကြောင်း၊ အဆိုပါ ဝါးများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် စက္ကူပျော့ဖတ် များကို ထုတ်လုပ်နိုင်ကြောင်း၊ စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ စက္ကူစက်ရုံများတည်ဆောက်လိုပါကလည်း နိုင်ငံတော် အနေဖြင့် ခွင်ပြုပေးမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသတွင် ရာဘာထွက်ရှိပြီး ရာဘာကိုအခြေခံသည့် မော်တော်ဆိုင်ကယ်တာယာများ၊ စက်ဘီး တာယာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ရော်ဘာ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အားလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်လျက်ရှိ

 မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီ လိုအပ်ချက်အတွက် ပြည်ပမှ နှစ်စဉ် တင်သွင်းနေရကြောင်း၊ နိုင်ငံအတွင်း စားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့် ဆည်းပေးနိုင်ရန်အတွက် နေကြာစိုက်ပျိုးမှုများနှင့် ဆီထွက်သီးနှံများကိုလည်း အောင်မြင်အောင်စိုက်ပျိုးကြစေလိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများ လျှော့ချရေး အတွက်လည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား သုံး အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်တင်သွင်း   မှုများကိုလည်း ခွင့်ပြုပေးထားပြီး အချို့နေရာများတွင် စတင်အသုံးပြုနေပြီဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက်လည်း နိုင်ငံတော်မှ စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း၊ လုပ်ငန်းရှင်များ တစ်ဦးချင်းအနေဖြင့်လည်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဆောင်ရွက်ကြစေလိုကြောင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ဆောင် ရွက်နိုင်သည့် နေရာအများအပြားရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားကို အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိသေးသည့်အတွက် မိမိတို့ အနေဖြင့် အဆိုပါ ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ မိမိ တို့တွင်ရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များကို အပြည့်အဝအသုံးချနိုင်မှု မရှိခြင်း ကြောင့် နိုင်ငံ၏ အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ထိခိုက်နစ်နာလျက် ရှိကြောင်း၊ ကလေးဝ ကျောက်မီးသွေး ထုတ်လုပ်ခြင်းမှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများကိုလည်းဆောင်ရွက်၍ရကြောင်း၊ မိမိတို့ဒေသနှင့် တိုင်းပြည် ကို အကျိုးဖြစ်ထွန်းစေ နိုင်မည့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများအနေဖြင့် ဒေသနှင့် တိုင်းပြည်၏ အကျိုးကိုကြည့်၍ ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိစေမည့် စီမံကိန်းများ အောင်မြင်မှုမရှိစေရေး နိုင်ငံရေးအမြတ်ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မိမိတို့၏ ကိုယ်ပိုင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားဆုံးဖြတ်ကြစေလိုကြောင်း။

လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး ပညာရေးကို အားပေးဆောင်ရွက်

မိမိ၏ မူဝါဒမှာ ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေး ခြင်းပင်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည်ငွေများ လွှဲအပ်ပေး ထားပြီးဖြစ်သဖြင့် စနစ်တကျ အကျိုးရှိစွာအသုံးချရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု အတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ အရင်းအနှီး၊ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အားနှင့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ ရရှိစေရေး ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများဖွင့်လှစ်လျက်ရှိကြောင်း၊ အလားတူ သိပ္ပံကျောင်း များကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ ၎င်းမှတစ်ဆင့် ကောလိပ်နှင့် တက္ကသိုလ်များကို တက်ရောက်နိုင်ကြောင်း၊ ယခင်ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းအနည်းဆုံး ဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ ပညာရည်မြှင့်တင်ရေးအတွက် ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးသည် ကိုယ်ပိုင်ပစ္စည်းများဖြင့် ရပ်တည်နေသည့် တိုင်း ဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အသုံး ပြု၍ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး(MSME) လုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မြို့ပေါ်ဒေသတိုးတက်မှုကိုသာမက ကျေးလက်ဒေသဖွံ့တိုးတက်မှုကိုပါ များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတိုးတက်ရေးအတွက် ဒေသတွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ညီညီညွတ်ညွတ်ဖြင့် ပူပေါင်း ဆောင်ရွက်ကြ မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိစေရေးအတွက် ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ ဒေသခံများအနေဖြင့်လည်း သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းသည် နိုင်ငံ ရေးဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံအကျိုးကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း ဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား     တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များကိုယ်စား မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား မုံရွာမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း တို့က  အသီးသီး လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေ များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။