ဗီယက်နမ်အစိုးရက နိုင်ငံတောင်ပိုင်းတစ်ပိုင်းလုံးကို လော့ဒေါင်းချ

ဗီယက်နမ်အစိုးရက နိုင်ငံတောင်ပိုင်းတစ်ပိုင်းလုံးကို လော့ဒေါင်းချ

ဟနွိုင်း၊ ကျန်းမာရေး

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမြင့်တက်လာစဉ် နိုင်ငံတောင်ပိုင်းတစ်ပိုင်းလုံး ကို ဇူလိုင် ၁၈ ရက် ညသန်းခေါင်မှစ၍ သီတင်းပတ်နှစ်ပတ်ကြာ လော့ဒေါင်း ချလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သည် ဇူလိုင် ၁၈ ရက်အထိ သုံးရက်အတွင်း တစ်ရက်လျှင် ကူးစက်ခံရသူ ၃၀၀၀ ကျော်သည်အထိ မြင့်တက်လာစဉ်   ယခုကဲ့သို့ လော့ဒေါင်းချလိုက်ခြင်းဖြစ်သည်။ လော့ဒေါင်းချမှတ်ခံရသည့်ဒေသများသည် အစိုးရ ရုံးများ၊ ဆေးရုံများနှင့် အရေးကြီးသော စီးပွားရေးလုပ်ငန်းများမှလွဲ၍ အများနှင့် သက်ဆိုင်သော နေရာများ၌  လူနှစ်ဦးထက်ပို၍စုဝေးခြင်းတားမြစ်ခံထားရသည်။

ထို့ပြင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး နေအိမ်တွင်သာနေကာ အစားအစာ နှင့်ဆေးဝါးများဝယ်ယူရန်နှင့် အရေးကြီး သောကိစ္စများရှိမှသာ အိမ်အပြင်ထွက်ရန် အစိုးရကတောင်းဆိုထားသည်။ နိုင်ငံအတွင်းရှိမြို့ကြီးများနှင့်ပြည်နယ် စုစုပေါင်း ၆၃ ခုတွင် ၅၇ ခုသို့ ရောဂါပိုး ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး ကာကွယ်ဆေး ရရှိမှုမှာလည်း   အကန့်အသတ်ရှိသည့် အတွက်   ယခုကဲ့သို့တင်းကျပ်သော တားမြစ်ကန့်သတ်ချက်များကို ချမှတ်ရခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါတားဆီး ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကပြောသည်။

အလားတူ အစိုးရအနေဖြင့် နိုင်ငံအတွင်း ရောဂါကူးစက်မှုနှုန်း အနည်းဆုံးဖြစ်အောင်  လုပ်ဆောင်သွားမည်ဖြစ်ပြီး သို့မှသာ ကျန်းမာရေးဝန်ဆောင်မှုက ကောင်းမွန်စွာ လည်ပတ် ကာ စနစ်ပြိုလဲမှုမှ တားဆီးနိုင်မည်ဖြစ်ကြောင်း  ၎င်းကဆက်ပြောသည်။ လော့ဒေါင်း ချလိုက်သည့် ဒေသများတွင် မဲခေါင်မြစ်ဝှမ်းဒေသ၊ ဟိုချီမင်းမြို့တို့ပါဝင်ပြီး နိုင်ငံ၏ စီးပွားရေးနှင့်ဘဏ္ဍာရေး အချက်အချာမြို့ဖြစ်သော ဟိုချီမင်းမြို့၌ နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်သော ပြည်သူ ၃၅ သန်းကျော်နေထိုင်လျက်ရှိသည်။

ဟိုချီမင်းမြို့သည် မေလနှောင်းပိုင်းမှစ၍ ရောဂါပိုးတွေ့ရှိမှုမြင့်တက်လာသည့် အတွက် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက လော့ဒေါင်း ချမှတ်ခံထားရသည့်မြို့ဖြစ်သည်။ ယခုအခါ ထိုမြို့သည် ရောဂါကူးစက် ပျံ့နှံ့မှုအများဆုံးဖြစ်ပွားရာ ဒေသဖြစ်လာပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားနေစဉ် အစောပိုင်း ကာလများတွင် နိုင်ငံအတွင်း ထိုရောဂါ ကူးစက်ပျံ့နှံ့မှု အနည်းဆုံးဖြစ်အောင် ထိန်းချုပ် နိုင်ခဲ့သော်လည်း ယခုနှစ်ဧပြီလမှစ၍ ကူးစက်ပျံ့နှံ့မှုများပြားလာရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၀၀၀၀ ကျော် နှင့်သေဆုံးသူစုစုပေါင်း ၂၂၅ ဦးရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Ref: Japan Today