ဗီယက်နမ်အစိုးရက လူမှုမီဒီယာများတွင်တိုက်ရိုက်လွှင့်ခြင်းများကိုတင်းကျပ်မည်

ဗီယက်နမ်၊ ပြည်တွင်းရေး

ဗီယက်နမ်အစိုးရက ဖေ့စဘွတ်နှင့်ဂူးဂဲတို့ကဲ့သို့ လူမှုမီဒီယာများတွင် တိုက်ရိုက်လွှင့်ခြင်းများကို တင်းကျပ်ကာ စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတင်းကျပ်မှုအရ ဗီယက်နမ်နိုင်ငံအတွင်းရှိ လူမှုမီဒီယာများအနေဖြင့် ဖော်လိုဝါအယောက် ၁၀၀၀၀ နှင့်အထက်  ရှိသော အကောင့်ပိုင်ရှင်များ၏ သတင်းအချက်အလက်များကို အစိုးရထံပေးပို့ရမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဥပဒေကြမ်းတွင်ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ အသုံးပြုသူအများဆုံး ပြည်တွင်းဖြစ် လူမှုမီဒီယာ ၁၀ ခုစလုံးကို အသုံးပြုသူအကောင့်စုစုပေါင်းမှာ သန်း ၈၀ သာရှိသော်လည်း ပြည်ပလူမှုမီဒီယာများဖြစ်သည့် ဖေ့စဘွတ်၊ ယူကျုနှင့် တစ်တော့တို့ကိုအသုံးပြုသူအကောင့်များမှာ ၆၅ သန်း၊ သန်း ၆၀ နှင့် သန်း ၂၀ စီ အသီးသီးရှိကြောင်း အစိုးရ၏စစ်တမ်းတွင်ဖော်ပြထားသည်။ ထိုလူမှုမီဒီယာများအားလုံးသည် ဗီယက်နမ် ဥပဒေများကို လိုက်နာခြင်းမရှိကြောင်း၊ တင်ထားသည့်အကြောင်းအရာအများစုသည် လုပ်ကြံသတင်းများသာဖြစ်ကြောင်း၊ ထိုသတင်းများကြောင့် ပြည်တွင်း၌ မတည်ငြိမ်မှုများဖြစ်စေသည့်အပြင် ပြည်တွင်းနှင့်ပြည်ပကုမ္ပဏီများကြား မညီမျှသော ယှဉ်ပြိုင်မှုကိုဖြစ်စေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီယက်နမ်အစိုးရသည် ၂၀၁၈ ခုနှစ်တွင် ဆိုက်ဘာလုံခြုံရေးဥပဒေများကို ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ကာ ထိုဥပဒေအရ ပြည်ပလူမှု မီဒီယာကုမ္ပဏီများအနေဖြင့် ပြည်တွင်းတွင်ရုံးများဖွင့်လှစ်ရမည်ဖြစ်သည့်အပြင် အသုံးပြုသူများ၏အချက် အလက်များကိုလည်း    ပြည်တွင်း၌ပင် သိမ်းဆည်းရမည်ဖြစ်ကြောင်းသိရသည်။

Ref: CAN