ဗီယက်နမ်၌ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သည့် နှစ်မျိုးစပ် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ

ဗီယက်နမ် တာဝန်ရှိသူများသည် အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့၌ တွေ့ရှိရသော ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးများ၏   ဗီဇနှစ်မျိုး ပေါင်းစပ်ထားသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို နိုင်ငံအတွင်း တွေ့ရှိကြောင်း နှင့်  ထိုရောဂါပိုးမှာ   လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက မေ ၂၉ ရက်တွင်ပြောသည်။

ယခုတွေ့ရှိသော ဗီဇပြောင်းရောဂါပိုးသည် အလွန်အန္တရာယ် များကြောင်း၊ ထိုရောဂါပိုးတွင်  ဗြိတိန်၌တွေ့ရှိသော  ဗီဇပြောင်း ရောဂါပိုးနှင့် အိန္ဒိယ၌တွေ့ရှိသော ဗီဇပြောင်းရောဂါပိုးတို့၏ ဗီဇများ  ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီး ငုယင်သန်လောင်း ကပြောထားသည်။

ယခုတွေ့ရှိသည့် ဗီဇပြောင်းရောဂါပိုးသည် ယခင်ရောဂါပိုးများထက် ပိုမိုကူးစက် ပျံ့နှံ့လွယ်သည့်အပြင် အလွန်လျင်မြန်စွာ ပုံတူပွားနိုင်ကြောင်း၊ ထို့ကြောင့် တိုတောင်းလှသော အချိန်အတွင်း ရောဂါပိုး ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်လာရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်ပြောသည်။

ဗီယက်နမ်နိုင်ငံအတွင်း   ဗီဇပြောင်း ရောဂါပိုးခုနစ်မျိုးကို တွေ့ရှိထားရပြီး လေးမျိုးမှာ   ဗြိတိန်မှဖြစ်ကာ  သုံးမျိုးမှာ  အိန္ဒိယမှဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားသော  ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့မှုကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုနှစ် ဧပြီလနှောင်းပိုင်းမှစ၍ နိုင်ငံအတွင်း     အဆိုပါရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လက်ရှိတွင်  နိုင်ငံအတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၁၃ ဦးရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ဧပြီလနှောင်းပိုင်းမှ ကူးစက်သူများဖြစ်သည်။ သေဆုံးသူ အရေအတွက်မှာမူ ၄၇ ဦးရှိပြီဖြစ်သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စိုးရိမ်ရသည့်  Sars-CoV2  ဗိုင်းရပ်၏ ဗီဇပြောင်းရောဂါပိုး လေးမျိုးရှိပြီး အိန္ဒိယ၊ ဗြိတိန်၊ တောင်အာဖရိကနှင့် ဘရာဇီးနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။