ဗြိတိန်ကျန်းမာရေး ဝန်ကြီး ရာထူးမှ နုတ်ထွက်လိုက်ရသည့် ဓာတ်ပုံထွက်ပေါ်မှုကို  အစိုးရ စစ်ဆေးမည်

လက်ထောက်ကို ပွေ့ဖက်အနမ်းခြွေသည့် ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့သည် ရာထူးမှ နုတ်ထွက်ရပြီးနောက် ထိုသို့နုတ်ထွက်မှုကို ဖြစ်ပေါ်စေသော ဓာတ်ပုံထွက်ပေါ်လာမှုနှင့် ပတ်သက်၍   ဗြိတိန်အစိုးရက စုံစမ်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်ဟန်ကော့က    အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်သည့် လက်ထောက်ကို ပွေ့ဖက်နမ်းနေသည့် ဓာတ်ပုံသည် ဇွန် ၂၅ ရက်တွင် လူသိရှင်ကြား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့နောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်အမတ်များက မတ်ဟန်ကော့ကို ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။

ဇွန် ၂၆ ရက်တွင်   မတ်ဟန်ကော့၏ ကျန်းမာရေးဝန်ကြီးရာထူးမှ တင်ပြလာမှုကို  ဝန်ကြီးချုပ်ကလက်ခံခြင်း ဖြစ်ပြီး နုတ်ထွက်ရသည့် အကြောင်းရင်းမှာ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မပြုရန် ချမှတ်ထားသည့်    ညွှန်ကြားချက်ကိုဖောက်ဖျက်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

ယင်းနောက်တွင် ကျန်းမာရေး ဝန်ကြီးရုံးအတွင်း   ဖြစ်ပျက်သည်များကို မည်ကဲ့သို့ မှတ်တမ်းတင်ပြီး မည်ကဲ့သို့ လူသိရှင်ကြား ပေါက်ကြားလာသည်နှင့် ပတ်သက်၍ အဆိုပါဝန်ကြီးရုံးက စစ်ဆေးသွားမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ယခုအခါ    မတ်ဟန်ကော့အနေဖြင့် နိုင်ငံရေး ရာထူးလက်ရှိဖြစ်စဉ်က ၎င်း၏ သူငယ်ချင်းတစ်ဦးကို အကျိုးအမြတ် အလွန်များပြားသည့် ကိုဗစ်-၁၉ ရောဂါနှင့် သက်ဆိုင်သော ကန်ထရိုက်စာချုပ်တစ်ခု ပေးအပ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး တောင်းဆိုထားသည့် အီးမေးများ လက်ခံရရှိထားကြောင်း ဗြိတိန်သတင်း ဌာနကြီး တစ်ခုက  ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ထားကြောင်းသိရသည်။

Ref: The Hindu