ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် စေ့စပ်ထားသူနှင့်တိတ်တဆိတ်မင်္ဂလာဆောင်

လန်ဒန်၊ ပုဂ္ဂိုလ်ရေး

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် စေ့စပ်ထားသူအမျိုးသမီး ကယ်ရီဆင်မန်နှင့် မေ ၃၀ ရက်တွင် တိတ်တဆိတ် မင်္ဂလာ ဆောင်လိုက်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြထားသည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ဘောရစ်ဂျွန်ဆင်သည် အသက် ၃၃ နှစ်ရှိ ၎င်း၏ကြင်ဖက်နှင့် ကက်သလစ်ဝက်စမင်စတာ ကသီဒရယ် ဘုရားကျောင်းရှိ သူငယ်ချင်းအရင်းများနှင့် မိသားစုဝင်များရှေ့မှောက်၌ မင်္ဂလာအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း Mail သတင်းစာနှင့် The Sun သတင်းစာတို့က မေ ၃၀ ရက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ဘောရစ်ဂျွန်ဆင်သည် ရာထူးလက်ရှိကာလအတွင်း မင်္ဂလာဆောင်သည့် ဒုတိယမြောက်ဝန်ကြီးချုပ်ဖြစ်ပြီး ရာစုနှစ် နှစ်ခုနီးပါး ကာလအတွင်း ထိုသို့မင်္ဂလာဆောင်သည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည်။

အဆိုပါစုံတွဲသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်စေ့စပ်ထားခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း မင်္ဂလာဆောင်ရန်စီစဉ်ခဲ့သော်လည်း ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရကာ ယခုမှမင်္ဂလာဆောင်ခြင်းဖြစ်သည်။ ၎င်းတို့၏မင်္ဂလာပွဲသို့ တက်ရောက်သူဦးရေမှာ အယောက် ၃၀ ရှိပြီး ထိုပမာဏသည် လက်ရှိတွင် လူစုလူဝေးကန့်သတ်မှုအတွင်းရှိ အများဆုံးပမာဏဖြစ်ကာ အခမ်းအနား တက်ရ မည့်သူများကို မင်္ဂလာပွဲနီးမှဖိတ်ခြင်းဖြစ်ကြောင်းသိရသည်။

Ref: Bangkok Post