ဗြိတိန်၌ ကပ်ရောဂါထိန်းချုပ်ရေးစည်းကမ်း မလိုက်နာသူများကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် အရေးယူမည်

ဗြိတိန်နိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ   ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားသော စည်းကမ်းများမလိုက်နာသူများကို ရဲတပ်ဖွဲ့က  ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ပိုမိုတင်းကျပ်သောဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး က ဇန်နဝါရီ ၁၂ ရက်တွင်ပြောသည်။ ပြည်သူအချို့သည် အစိုးရကချမှတ်ထားသော လူလူချင်းထိတွေ့ ဆက်ဆံမှုလျှော့ချရေးစည်းကမ်းများကို လျစ်လျူရှုနေဆဲဖြစ်သည့်အတွက် ထိုစည်းကမ်းများ ခိုင်မာအားကောင်းစေရန် ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်သည်ဟု လန်ဒန်မြို့ ရဲတပ်ဖွဲ့မှူး ခရက်စီဒါဒစ်ကပြောသည်။

ထိုကဲ့သို့သော    စည်းကမ်းများကိုချိုးဖောက်သူများအနေဖြင့် ဒဏ်ငွေများကို တိုးမြှင့်ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းင်းက ဆက်ပြောသည်။ ယခုအကောင်အထည်ဖော်နေသော လော့ဒေါင်းသည် ဗြိတိန် နိုင်ငံ၏ နောက်ဆုံးလော့ဒေါင်းဖြစ်စေရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းနေခြင်းဖြစ်သည့်အတွက် ချမှတ်ထားသော စည်းကမ်းများကို ပြည်သူများက လိုက်နာရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝန်ကြီး ကစ်မော့ဟောက်ကပြောသည်။

ဗြိတိန်နိုင်ငံသည် ကူးစက်မြန်ပြင်းထန်ဗီဇပြောင်း  နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရ စဉ်မှာပင်   ရောဂါကူးစက်ခံရသူများ၊ ဆေးရုံတက်ရောက်ရသူများနှင့် သေဆုံးသူများမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေရသည်။ ယခုကဲ့သို့   ကူးစက်မှုများမြင့်တက်လာသည့်အတွက် လန်ဒန်မြို့ရှိ  ဒေသအချို့၌ လူအယောက် ၂၀ လျှင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရဖွယ်ရှိကြောင်း သိရသည်။