ဗြိတိန်၌ ကာကွယ်ဆေးထိုးသောလူငယ်များကို အဝတ်အစားများနှင့်ခရီးသွားလက်မှတ်များပေးမည်

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်အစိုးရသည် လူငယ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးကို တွန်းအားပေးရန် ကြိုးပမ်းချက်များ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး ကုမ္ပဏီအများအပြားကလည်း ကာကွယ်ဆေးထိုးသူများကို အဝတ်အစားများနှင့်ခရီးသွားလက်မှတ်များအပါအဝင် ဆုများပေးမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ရှိ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်လူငယ်များကို  လာမည့်သီတင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကမ်းလှမ်း မည်ဟု အစိုးရကထုတ်ပြန်ပြီးနောက် ထိုလက်ဆောင်ပေးမည့်အစီအစဉ်ကို ကြေညာခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ဒေသခံများကို ရေရှည် ကိုဗစ်-၁၉ ရောဂါလက္ခဏာများဖြစ်ပွားခြင်းမှကာကွယ်ရန်နှင့်  ကူးစက်မှုများကို အဓိက လျှော့ချရန် လူငယ်များကြား ကာကွယ်ဆေးထိုးနှုန်းတိုးမြှင့်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

ယခုလအတွင်း အမျိုးသားစာရင်းအင်းရုံးမှ ထုတ်ပြန်သောအချက်အလက်များအရ အသက် ၁၈ နှစ်နှင့် ၂၁ နှစ်ရှိလူငယ်များ တွင် ကာကွယ်ဆေးထိုးရန် နှောင့်နှေးမှုနှုန်းသည် ၅ ရာခိုင်နှုန်းရှိပြီး အသက် ၁၆ နှစ်နှင့် ၁၇ နှစ်ရှိ လူငယ်များတွင် ၁၁ ရာခိုင်နှုန်းရှိသည်။

ထို့ပြင် ဗြိတိန်၌ သြဂုတ် ၁၆ ရက်မှစ၍ အသက်  ၁၈  နှစ်အောက်အပါအဝင် ကာကွယ်ဆေးအပြည့်အဝထိုးထားသော ပြည်သူ သန်း ၄၀ ကျော်အနေဖြင့် ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ထားပါက တရားဝင်သီးသန့်ခွဲနေထိုင်ရန်  မလိုအပ်ကြောင်း အစိုးရက ထုတ်ပြန် ထားသည်။

သို့သော် စမ်းသပ်ခြေရာခံအစီအစဉ်မှတစ်ဆင့်  နီးကပ်စွာထိတွေ့မှုများအဖြစ်သတ်မှတ်ခံရသူများကို PCR စနစ်ဖြင့် ရောဂါစမ်းသပ် မှုပြုလုပ်ပြီး စာသင်ကျောင်းနှင့်ရုံးသို့ ပုံမှန်အတိုင်းလွတ်လပ်စွာသွားရန် တာဝန်ရှိသူများက တိုက်တွန်းမည်ဖြစ်ကြောင်းသိရသည်။

Ref: TST