ဘင်္ဂလားဒေ့ရှ်၌ စစ်သည်များ ကင်းလှည့်ပြီး လော့ဒေါင်း ချမှတ်မှုကို တင်းကျပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ   ဒါကာမြို့၌ လော့ဒေါင်းချမှတ်မှု စတင်သည့် ဇူလိုင် ၁ ရက်တွင်  ပြည်သူများ အရေးပေါ်ကိစ္စ သို့မဟုတ် အခြေခံ စားသောက်ကုန်များ ဝယ်ယူမှုကဲ့သို့ တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရဘဲ အိမ်ပြင်ထွက်ခြင်းကို  ဟန့်တားရန်  စစ်သည်များက ကင်းလှည့်လျက် ရှိကြောင်းနှင့် လော့ဒေါင်းချမှတ်မှုကို တင်းကျပ်လျက် ရှိကြောင်း သိရသည်။

လူဦးရေ ၁၆၈ သန်းရှိသော တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့်   ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဒယ်တာဗီဇပြောင်း ရောဂါပိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် အန္တရာယ်ရှိနိုင်သည့် အခြေအနေထိ မြင့်တက်လာသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆေးရုံများ အထူးသဖြင့် ဒယ်တာဗီဇပြောင်း ရောဂါပိုးစတင် တွေ့ရှိသည့် အိန္ဒိယနယ်စပ်ဒေသရှိ ဆေးရုံများ၌ လူနာများနှင့် ပြည့်ကျပ်နေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အချို့သော နယ်မြို့များ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းသည် ၇ဝ ရာခိုင်နှုန်းထိ စံချိန်တင် မြင့်တက်လာသည်။

ထို့ကြောင့်  နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်  တာဝန်ရှိသူများက သီတင်းပတ် တစ်ပတ်ကြာ လော့ဒေါင်း ချမှတ်ခြင်းဖြစ်သည်။

ထို့ကြောင့် ပုံမှန်ဆိုလျှင်  လူအများအပြားနှင့် ပြည့်နှက်နေသည့် ဒါကာမြို့ရှိ လမ်းများ၌ တစ်ပတ်ကြာ လော့ဒေါင်းချမှတ် သည့် ပထမဆုံးနေ့တွင် ဝတ်စုံပြည့် ဝတ်ဆင်ကာ ကင်းလှည့်နေသည့် စစ်သည်များကိုသာ တွေ့ရသည်။

ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ နေအိမ်မှ    အပြင်ထွက်သူ မည်သူမဆို ဒဏ်ကြေးနှင့် ထောင်ဒဏ်အထိ ကျခံရနိုင် ကြောင်း   ဒါကာရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များကို  ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကိုးသိန်းနီးပါးရှိပြီး သေဆုံးသူ ၁၄၅ဝဝ ရှိကြောင်း တရားဝင် ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းသည် ထုတ်ပြန်ထားသည်ထက် များစွာမြင့်တက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားသည်ဟု သိရသည်။