ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရေ

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၄

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြခြင်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့တက်ရောက်ကြပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်တွင် ဘဏ္ဍာရေးနှစ်အားဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရန် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်မည်ဖြစ်သည့်အတွက် လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် ၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၃၀ ရက်နောက်ပိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊မတ်လအထိ (၆) လအတွက် ဘတ်ဂျက်အား ကြားကာလဘတ်ဂျက်အဖြစ် ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွား နေ သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ချမှတ် ဆောင်ရွက် ရသည့် ကန့်သတ်ချက်၊ တားမြစ်ချက်များအရလည်းကောင်း၊ နိုင်ငံရေး အဖျက် အမှောက် လုပ်ရပ်များကြောင့်လည်းကောင်း နိုင်ငံတော်၏စီးပွားရေး လည်ပတ်မှု အပေါ် ထိခိုက်မှုရှိခဲ့ပြီးနိုင်ငံတော်၏ အခွန်အကောက်ရငွေများကျဆင်းခဲ့ကြောင်း၊ မိမိတို့အိမ်စောင့်အစိုးရအဖွဲ့အနေဖြင့် မည်သို့ပင်စိန်ခေါ်မှုများရှိပါစေ ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

(၆)လ ဘတ်ဂျက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ လိုငွေ အတွက် ပြည်ထောင်စုမှ ထောက်ပံ့ပေးမည့်ငွေနှင့် မိမိတို့ ဒေသအလိုက်ရရှိသည့် ရငွေများ စုပေါင်း၍ မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ ပြည်သူများအား တိုက်ရိုက် အကျိုးဖြစ်စေမည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ရေစသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု ကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကျိုးပြု စေနိုင်မည့် အသုံးစရိတ်များအား အလေးပေး ဆောင်ရွက်ပေးကြစေလိုကြောင်း။

လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ မပြီးပြတ်သေးသည့် ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ပြည်သူများအဓိကလိုအပ်နေသည့် လုပ်ငန်းများကိုဦးစားပေးအလိုက် လျာထားပြီး ဆောင်ရွက်ရန်လိုကြောင်း၊ (၆)လအတွက် ရေးဆွဲသည့်ဘတ်ဂျက်ဖြစ် သဖြင့်လျာထားသည့် အသုံးစရိတ်များကိုသတ်မှတ်ကာလအတွင်းပြီးပြတ်အောင် သုံးစွဲ နိုင်ရန် အထူးအရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသန္တရ စီမံကိန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကဏ္ဍများအလိုက် စီမံကိန်းများ နှင့်ချိတ်ဆက်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ၊ ပြည်ပချေးငွေ၊ အကူအညီရငွေတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက် ရန်ဖြစ်သည့်အပြင် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်းဖော်ထုတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဦးစားပေးဆောင်ရွက်သင့်သည် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၁ ခုနှစ် အောက်တိုဘာ လမှ ၂၀၂၂ ခုနှစ် မတ်လထိ (၆)လအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းငွေစာရင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ ရငွေ၊ သုံးငွေစာရင်းများ၊ လျာထားမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်း လင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ ဘဏ္ဍာငွေ ရေးဆွဲမှု၊ ဆက်လက်အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ သည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုခွဲဝေပေးသည့် ၆ လပတ် သည် ကြားဖြတ်ကာလ ဘတ်ဂျက်ဖြစ်သည်နှင့်အညီ မိမိတို့ရငွေအပေါ်တွင် နိုင်ငံတော် အနေဖြင့် ပြည်ထောင်စုထောက်ပံ့ငွေများဖြင့် ပေါင်းစပ်၍ သုံးစွဲရခြင်းဖြစ်ကြောင်း၊ ယခုကာလအတွင်းမိမိတို့ အိမ်စောင့်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနည်းတူ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးကြောင့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ကျော်လွှားနေရကြောင်း၊ ထိုသို့ရင်ဆိုင် ကျော်လွှားရာတွင် အဓိကအားဖြင့် နိုင်ငံတော်၏ စီးပွားရေး ကိုခက်ခဲစေသည့်၊ ယိုင်လဲစေသည့်အပြင် ပြည်သူတို့၏လူမှုစီးပွားဘဝထိခိုက်စေမည့် အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနေရသည့် ကာလဖြစ်ကြောင်း၊ အလားတူ နိုင်ငံရေးနှင့် ဆက်နွယ်သည့် စီးပွားရေးဖိအားများသည် လည်းအစိုးရအတွက်စိန်ခေါ်မှု၊ တစ်နည်းအားဖြင့် ပြည်သူများအတွက် စိန်ခေါ်မှုများပင် ဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှု များကို မိမိတို့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့်အတူ စုပေါင်းညီညွတ် စွာဖြင့် အောင်မြင်စွာကျော်လွှား နိုင်ရမည်ဖြစ်ကြောင်း။

ယခု ခွဲဝေပေးလိုက်သည့် ရသုံးခန့်မှန်းခြေဘတ်ဂျက်များနှင့် ပတ်သက်၍ စနစ် တကျသုံးစွဲရန်၊ စိစိစစ်စစ်ဖြင့်သုံးစွဲရန်နှင့် ခွဲဝေရရှိသည့် ငွေပမာဏအပေါ်တွင် မူတည်၍ ဘဏ္ဍာငွေသုံးစွဲမှုများသည်လည်း ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ မှန်မှန် ကန်ကန်သုံးစွဲကြရန်လိုပါကြောင်း၊ မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် ရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယိုင်လဲနေသည့် စီးပွားရေးကိုတစ်ဖက် တစ်လမ်းမှ အထောက်အကူပြုပြီး ပြန်လည်ဦးမော့နိုင်အောင် သုံးစွဲရာ၌မလိုလား အပ်သည့် အသုံးစရိတ်များ အားစိစစ်လျှော့ချသုံးစွဲကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။