ဘာစီလိုနာအသင်းမှ မက်ဆီထွက်ခွာခဲ့ပြီးနောက် အသင်းအိမ်ကွင်းပွဲစဉ်အတွက် လက်မှတ်ရောင်းချရမှုလျော့ကျ

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းမှ မက်ဆီထွက်ခွာခဲ့ပြီးနောက် အသင်းအပေါ် ပရိသတ်များအားပေးမှုအနေဖြင့် လက်မှတ်ရောင်းချရမှု  ထက်ဝက်နီးပါးလျော့ကျလာပြီး    ပီအက်စ်ဂျီအသင်း၏ ပုံရိပ်   သိသိသာသာ   မြင့်တက်လာကြောင်း သိရသည်။

ဘာစီလိုနာအသင်း၌ ဆယ်စုနှစ်နှစ်ခုကျော်ကစားခဲ့သည့် မက်ဆီသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသင်းနှင့် သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် နီးစပ်ခဲ့သော်လည်း အသင်းဘဏ္ဍာရေးအကျပ်အတည်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းမှ မက်ဆီထွက်ခွာခဲ့ပြီးနောက် အသင်းပရိသတ်များက အသင်းမှတာဝန်ရှိသူများ၏ လုပ်ရပ်ကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပြီး စပိန်လာလီဂါအဖွင့်ပွဲစဉ်အဖြစ်  သြဂုတ် ၁၆ ရက်တွင် ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည့်ပွဲစဉ်တွင် အိမ်ကွင်းပရိသတ်များအတွက် လက်မှတ်ခွဲတမ်း ၃၀၀၀၀ ရရှိသဖြင့် စတင်ရောင်း ချခဲ့သော်လည်း  အစောင်ရေ ၁၅၀၀၀ ခန့်သာ ရောင်းချခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့်   ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုတွင် ပရိသတ်များကွင်းအတွင်း ဝင်ရောက်အားပေးခွင့်မရရှိခဲ့ဘဲ    ယခုဘောလုံးရာသီမှစ၍ ပြန်လည်ကြည့်ရှုခွင့်ရရှိမည်ဖြစ်သော်လည်း  ဘာစီလိုနာအသင်း၏ ပရိသတ်များအားပေးမှုမှာ မက်ဆီထွက်ခွာမှုနှင့်အတူ သိသိသာသာကျဆင်းခဲ့ပြီး အသင်းဂျာစီရောင်းချရမှုတွင် လည်း  သိသိသာသာလျော့ကျခဲ့ကာ  ယခုရက်ပိုင်းအတွင်း အသင်းဂျာစီရောင်းချရမှု   ၈၀  ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

တခြားတစ်ဖက်တွင်     မက်ဆီကိုခေါ်ယူခဲ့သည့် ပီအက်စ်ဂျီအသင်းအနေဖြင့်  အသင်းပုံရိပ်များ  သိသိ သာသာမြင့်တက်လာကြောင်း သိရသည်။

Ref;AS