ဘာစီလိုနာအသင်း မက်ဆီကိုသက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အသင်းမှ ပီယာနစ်နှင့် အမ်တီတီတို့ကို စာချုပ်ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန်စီစဉ်

ဘာစီလိုနာအသင်းသည် အသင်းဘဏ္ဍာရေးပိုင်း ထိန်းညှိရန်နှင့် အသင်းမှ အဓိက ကစားသမားမက်ဆီ ကို    သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်   အသင်း၌လုပ်ခလစာမြင့်မားသည့် ကစားသမားများတွင် ပါဝင်သည့် ပီယာနစ်နှင့် အမ်တီတီတို့ကို အသင်းနှင့်ချုပ် ဆိုထားသည့် စာချုပ်ဖျက်သိမ်းကာ အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း COVID-19 ရောဂါကြောင့် အသင်းဝင်ငွေနည်းပါးချိန်တွင် ကစားသမားများကို မြင့်မားသည့် လုပ်ခလစာများ ပေးချေနေရသည့်အတွက် အသင်းဘဏ္ဍာရေးပိုင်း ထိခိုက်မှုများ ရှိနေသည့်အချိန်တွင် မက်ဆီကို  သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ခက်ခဲသည့် အခြေအနေများကြောင့် သက်တမ်းတိုး စာချုပ်မချုပ်ဆိုမီ အနည်းဆုံး စတာလင်ပေါင် သန်း ၉၀ နီးပါး ထွက်ငွေလျှော့ချရန် လိုအပ်နေသည့်အတွက် အသင်း၌ လုပ်ခလစာ အများအပြား ပေးချေနေရသည့် ကစားသမားများကို အသင်းမှထွက်ခွာစေလိုခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက အပြောင်းရွှေ့ကာလတွင် လုပ်ခလစာအများဆုံး ပေးချေနေရသည့် ကစားသမားများကို  ရောင်းချရန် ပြင်ဆင်ထားပြီး  ပီယာနစ်နှင့် အမ်တီတီတို့ကို  မြင့်မားသည့်လုပ်ခလစာမပေးချေ လိုတော့သည့် အတွက် ၎င်းတို့နှင့် ချုပ်ဆိုထားသော စာချုပ်များကိုဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေး ဖြင့်  အသင်းမှထွက်ခွာရန်  ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။  ၎င်းတို့နှင့်  စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှု ရရှိမှသာလျှင် လက်ရှိ ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် မက်ဆီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref;AS