ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

 
နေပြည်တော်၊ စက်တင်ဘာ - ၈

 
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဓမ္မရက္ခိတသီလရှင်စာသင်တိုက်၊ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပလရ ရပ်ကွက်ရှိ စိတ္တသုခတပ်ဦးကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ခင်မကန်တိုက်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မေတ္တာရောင်ခြည်မဟာစည် သာသနာ့ရိပ်သာနှင့် သဲအင်းဂူကျောင်းတိုက်များရှိ သံဃာတော်များအား အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်ရှိ သံဃာတော် များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။