မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများအား ပစ်သတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာအချို့က မဟုတ်မမှန်လုပ်ကြံသတင်းများ ဖော်ပြနေမှုနှင့်ပတ်သက်၍ သတင်းအမှန်ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်လိုက်ပါလာသူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ် ပါသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ “ဂန့်ဂေါမှာ လျှာဖြတ်ပြီး မီးရှို့အသတ်ခံလိုက်ရတဲ့ ၅ ဦးရဲ့ ဖြစ်စဉ်”ဟူသော ခေါင်းစဉ်ဖြင့် မီဒီယာအချို့နှင့် အကြမ်းဖက်ပြုလုပ်မှုများအပေါ် လှုံ့ဆော်အားပေးသူ များက ပြည်သူလူထုအတွင်း အကြောက်တရား များပိုမိုဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ မြေပြင်ဖြစ်စဉ် အမှန်ထက် ပိုမိုလွန်ကျူးစွာ ရေးသားဖော်ပြခဲ့သည်ကို Facebook လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်အုပ်စုအနေဖြင့် ယာဉ်ပေါ်တွင်ပါရှိလာသူ ၆ ဦးအား သေနတ်ဖြင့် ပစ်သတ်ကာ ယာဉ်အတွင်းထည့်သွင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်မှ ဒဏ်ရာရရှိကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သူ မသဲမာထွေး၏ ကိုယ်တိုင်ကြုံတွေ့ခဲ့မှုများအား ပြန်လည်ပြောပြရာမှ သိရှိခဲ့ရပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ အများပြည်သူလူထုအနေဖြင့် မီဒီယာအချို့နှင့် အကြမ်းဖက်ပြုလုပ်မှုများအပေါ် လှုံ့ဆော်အားပေးသူများ၏ Facebook လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်လုပ်ကြံရေးသား နေမှုများအား အသိ၊ သတိဖြင့်ယှဉ်ကာ ချင့်ချိန်ဝေဖန် သုံးသပ်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။