မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၅ ဒသမ၂၈  ဘီလီယံ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သန်း ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၃

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် ငွေကျပ် ၅ ဒသမ၂၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။   

ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဧပြီ ၂ ရက် နံနက် ၁၁ နာရီတွင် ငဖဲမြို့နယ်၊ ပဒါန်း(ပျဉ်းဝ)ကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မောင်မောင်ချေ(၃ဝ)နှစ် မောင်းနှင်ပြီး နေဝင်း(၁၉)နှစ် လိုက်ပါလာသည့် CANTER ၆ ဘီး မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ကြမ်းခင်း အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သန်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ စိတ်ကြွဆေးပြားများ တာဝန်ခံ သယ်ဆောင်လာသူ ဆန်းလွင်မှာ BOON  အမျိုးအစား မော်တော်ယာဉ်ဖြင့် ရှေ့မှ ထွက်ခွာသွားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးရာ မွန်းလွဲ ၁ နာရီခန့်တွင် ဆန်းလွင်(၃၉)နှစ်၊ စိုးနိုင်(၅၂)နှစ်၊ ထွန်းအေး(၄၆)နှစ်၊ အောင်သိန်းထွန်း(ခ)အခင်ချေ(၄၅)နှစ်တို့အား အမ်းမြို့နယ်၊ ကံမြင့်ကန် စစ်ဆေးရေးဂိတ်တွင်   ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။