မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းအား ဆူပူအကြမ်းဖက်သူ လူစုလူဝေးမှ အကြမ်းဖက်ရန်ပြုလာသဖြင့် ဖြိုခွဲထိန်းသိမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မြို့မရဲစခန်းအား ဆူပူအကြမ်းဖက်သူ လူစုလူဝေးမှ အကြမ်းဖက်ရန်ပြုလာသဖြင့် ဖြိုခွဲထိန်းသိမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သူ အမျိုးသား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မတ်လ ၁၅
    
ဆူပူအကြမ်းဖက်သည့် လူစုလူဝေးများမှ အဖျက်အမှောက်လုပ်ရပ်များကို နည်းမျိုးစုံ အသုံးပြု၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လာသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက် လုပ်ရပ်များကို လိုက်လံတားဆီးဖြိုခွဲထိန်းသိမ်းခြင်းများကို နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိပါ သည်။
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အောင်လံမြို့အတွင်း ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား (၁၀၀)ဦးခန့် စတင်စုဖွဲ့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရှင်းလင်းခဲ့ရာတွင် လူစုလူဝေးပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်လိုသူများ၏ ဆိုင်ကယ် ၇ စီးအား သိမ်းဆည်းရမိခဲ့ပါသည်။
    အထက်ပါဖြစ်စဉ်မှ လူစုခွဲသွားသည့် ဆူပူသူလူစုလူဝေးများသည် နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် ပြန်လည်စုဝေးလာပြီး အောင်လံမြို့၊ မြို့မရဲစခန်း၏ အရှေ့ဘက်တွင် အင်အား (၂၀၀)ဦးကျော် ခန့် ရောက်ရှိလာကာ သိမ်းဆည်းထားသော ဆိုင်ကယ်များပြန်ပေးရန် တောင်းဆို၍ အော်ဟစ် ဆဲဆိုခြင်း၊ ရဲစခန်းအား မီးလောင်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသန္တရလက်လုပ်မိုင်း ၆ ခုဖြင့် ပစ်ခတ်ခြင်း၊ ဓါတ်ဆီ/အင်ဂျင်ဝိုင်များ ထည့်ထားသည့် ဘူးများအား မီးရှို့၍ ပစ်ခတ်ခြင်းတို့အား အရက်သေစာနှင့် စိတ်ကြွဆေးဝါးများ အသုံးပြုထားသည့် ပုံသဏ္ဍာန်များကဲ့သို့ အသိစိတ်နည်းပါးစွာဖြင့် အကြမ်းဖက် ရန်ပြုလာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ပစ်ခတ် လူစုခွဲခဲ့ရာ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။
    
ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှာ ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်  သေဆုံးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ ရဲလုပ်ငန်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။