မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း ၁ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂ ဦးတို့အား အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း ၁ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂ ဦးတို့အား အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ဇန်နဝါရီ ၁၂

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ပညာရေးဝန်ထမ်း ၁ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂ ဦးတို့အား အကြမ်းဖက်အဖွဲ့များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ဦးနှောက်) မှ အထက်တန်းပြဆရာဖြစ်သူ လယ်ကန်းကျေးရွာနေ ဦးရဲဝင်းသန့်(၂၄)နှစ် (ဘ)ဦးဝင်းနိုင်သည် မြစ်ကြီးနားမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဦးအောင်ဖုန်း မောင်းနှင်သော 1H/1649 “အောင်ဇေယျ”ခရီးသည်တင်ယာဉ် ဖြင့် ထီးလင်း-ပေါက်-ပခုက္ကူကားလမ်းအတိုင်း လိုက်ပါစီးနင်းလာစဉ် အကြည်ဘန်းကျေးရွာ ဒေသအခေါ် ချောက်(၃)ချောက်အနီးအရောက်၌ PDF အမည်ခံအကြမ်းဖက် အဖွဲ့အင်အား ၃၀ ဦးခန့်က မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ပြီး ဦးရဲဝင်းသန့်အား ယာဉ်ပေါ်မှဆွဲချကာ ငဆင်း-တိကျေးရွာ သွား တောလမ်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝယာကျေးရွာ နေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးများဖြစ်သည့် ဦးရာဇာအောင်(၃၀)နှစ် (ဘ)ဦးဉာဏ်ထွန်းနှင့် ဦးမျိုးအောင် (၅၉)နှစ်တို့သည် လစာငွေများနှင့် မသန်စွမ်းထောက်ပံ့ငွေများ ထုတ်ယူ၍ ကနီမြို့မှ ပြန်လည်ထွက်ခွာလာစဉ် ဝယာကျေးရွာလမ်းခွဲအရောက်၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ဦးရာဇာအောင်နှင့် ဇနီးဒေါ်သင်းသင်းဌေးတို့အား လစာငွေ ၁၈၆၀၀၀ ကျပ်၊ ဦးမျိုးအောင် နှင့် သမီးဖြစ်သူ မတင်နွယ်လှိုင်တို့အား မသန်စွမ်းသူ ၂၉ ဦးအတွက် ထောက်ပံ့ငွေ ၁၀၅၆၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကလေးမြို့နယ် သာသနာရေး ဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမြင့်သည် မိတ္ထီလာခရိုင်သာသနာရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရန်အတွက် ကလေးမြို့မှ မိတ္ထီလာမြို့သို့ “ရွှေလွင်ပြင်”ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာသွားလာစဉ် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ တောင်ကျောင်း ကျေးရွာအနီးအရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့က အဆိုပါ မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် ၁၀ ဦးအနက် ဦးမျိုးမြင့်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ စုံစမ်းရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။