မင်းတပ်မြို့ရှိ CDF အဖွဲ့များအား ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေး အပါအဝင် ၃ ဦး ဖမ်းဆီးရမိ

မင်းတပ်မြို့ရှိ CDF အဖွဲ့များအား ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေး အပါအဝင် ၃ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ- ၂၃

   မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တော စစ်ဆေးရေးဂိတ်၌ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF (Chinland Defense Force)အဖွဲ့ များအား ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေးအား စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်ဌေး၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ ကျော်ကျော်ထွန်းအား ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၉)လမ်းရှိ ၎င်း၏ နေအိမ်၌ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် Portable X-ray စက် ၁ လုံး၊ အခြားဆေးပစ္စည်းများ၊ အောက်ဆီဂျင်တိုင်းစက် ၁ လုံး၊ ပေါင်ချိန်စက် ၁ လုံး၊ MPT ဆင်းကတ် ၂၀ ကတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိတရားခံ ကျော်ကျော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်၌ မေ့ဆေးပေးစက် ၁ လုံးနှင့် Toyota Tiger (Double Cab) လိုင်စင်မဲ့ (ခဲရောင်)ယာဉ် ၁ စီး တို့အား စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ထပ်မံမ်းဆည်းရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ ဇော်နိုင်ဝင်းအား ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တောစစ်ဆေးရေးဂိတ်၌ ယာဉ်အမှတ်၊ 1D/7221 SURF (လိုင်စင်မဲ့)အပြာရောင်ယာဉ်နှင့်အတူ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဝင်း၏ ထွက်ဆိုချက်အရ ဆောမြို့နယ်၊ နှောကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၁၇ ရက် ည ၁၀ နာရီခန့်တွင် သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၌ Beretta(ဘာရက်တာ) ၉ မမ ပစ္စတို ၁ လက်၊ Retay X treme ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၃၅ တောင့်နှင့် ၅.၅၆ ကျည် ၄၇၂ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်၏ အဓိကတရားခံဖြစ်သော အေးငြိမ်းသူသည် အကြမ်းဖက် NUG ၏ တရားခံပြေး ဇော်ဝေစိုးနှင့် Zoom Meeting ဖြင့် ချိတ်ဆက်ကာ အကြမ်းဖက် မင်းတပ် CDF များအား ကာကွယ်ကုသမှုပေးရေးအတွက် ညွှန်ကြားချက်များ ခံယူ လုပ်ဆောင်ခဲ့ကြောင်း၊ တရားခံပြေး ဇော်ဝေစိုး၏ ညွှန်ကြားချက်နှင့် အထောက်အပံ့ များကိုရယူကာ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF အဖွဲ့များ၏ လက်နက်ကိုင် သောင်းကျန်းမှုများတွင် ဆေးဝါးကုသပေးခြင်း၊ ယာယီဆေးခန်းနှင့် ယာယီခွဲစိတ်ခန်း (OT)အား ဆောက်လုပ်ကုသပေးခြင်းဖြင့် အဆိုပါအကြမ်းဖက် အဖွဲ့များအား အထောက်အကူပြု ပေးနေကြောင်း၊ ပြည်တွင်း/ပြည်ပ အလှူရှင်များထံမှ အလှူခံ၍ ရရှိလာသောငွေများဖြင့် လက်နက်နှင့် ဆေးပစ္စည်းများ ဝယ်ယူကာ အကြမ်းဖက် CDF အဖွဲ့အား ပံ့ပိုးနေကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ လက်နက်/ခဲယမ်းနှင့် ဆေးပစ္စည်းများအား မင်းတပ်မြို့သို့ ပို့ဆောင်ပေးနိုင်ရန် အေးငြိမ်းသူ၏စေခိုင်းချက်အရ တရားခံကျော်ဌေးနှင့် ကျော်ကျော်ထွန်းတို့သည် ပခုက္ကူမြို့ တာဝန်ခံအဖြစ်လည်းကောင်း၊ မပန်းဝေသည် ပေါက်မြို့တာဝန်ခံအဖြစ် လည်းကောင်း၊ ဇော်နိုင်ဝင်းသည် ကျောက်ထု/ဆောတာဝန်ခံအဖြစ်လည်းကောင်း၊ ဘချစ်သည် မင်းတပ် တာဝန်ခံအဖြစ် လည်းကောင်း အသီးသီး တာဝန်ခွဲဝေ၍ ပို့ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

သယ်ယူပို့ဆောင်ရာ၌ ရန်ကုန်နှင့် မန္တလေးရှိ တာဝန်ခံတစ်ဦးစီမှ ရွှေမန္တလာ၊ ကြယ်စင်မိုး၊ ဧရာဝတီယာဉ်လိုင်းများဖြင့် ပခုက္ကူသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပခုက္ကူသို့ ရောက်ရှိပြီးပါက Double Cab (လိုင်စင်မဲ့)ယာဉ်ဖြင့် ပခုက္ကူ-ကမ္မ-ပေါက်-ကျောက်ထု-မင်းတပ် လမ်းကြောင်းအတိုင်း အဆင့်ဆင့် သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေး ပစ္စည်းများသယ်ယူမှု (၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် လုပ်ဆောင် နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ CDF အဖွဲ့ထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးနှင့် ရိက္ခာပစ္စည်းများထောက်ပံ့ပို့ဆောင်နေသော ကျော်ဌေးအပါအဝင် ၃ ဦးတို့အား ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံး တည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။