မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ သိဒ္ဓိလမ်းနှင့် သစ္စာလမ်းတို့ရှိ အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေး၊ အတားအဆီးပြုလုပ်သူများအား ဖမ်းဆီးထိန်းသိမ်း

မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ သိဒ္ဓိလမ်းနှင့် သစ္စာလမ်းတို့ရှိ အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေး၊ အတားအဆီးပြုလုပ်သူများအား ဖမ်းဆီးထိန်းသိမ်း

နေပြည်တော်၊  မတ် - ၂၁
    
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း  ရပ်ရွာအေးချမ်းသာယာရေး တို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်း၊ ပတ်ကင်းများ၊ ဆောင်ရွက်ပေးလျက်ရှိစဉ် မတ်လ ၂၀ ရက် ည ၁၁ နာရီခွဲခန့်တွင် ကြံခင်းစုရပ်ကွက်၊ သိဒ္ဓိလမ်းနှင့် သစ္စာလမ်းတို့၌ အတားအဆီးများ ပြုလုပ်ထားကြောင်း တွေ့ရှိရသဖြင့် အများပြည်သူများ သွားလာရေး အဆင်ပြေချောမွှေ့စေရန်အတွက် အတားအဆီးများကို ဖယ်ရှားရှင်းလင်းပေးခဲ့သည်။
    
ထိုသို့ အများပြည်သူ သွားလာရေးခက်ခဲစေရန် အတားအဆီးများ ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ ကြံခင်းစုရပ်ကွက်၊ တေဇလမ်း၊ အမှတ်(၁၇)နေ ဦးသန်းဆွေ(ဘ) ဦးကျော်သန်းနှင့် ကြံခင်းစုရပ်ကွက်၊ သိဒ္ဓိလမ်း၊ အမှတ်(၂၆)နေ ဒေါ်ဇာပွင့်(ခ)ဇာဇာအောင် ဆိုသူ ၂ ဦးက ဦးဆောင်ပြုလုပ်ခဲ့ကြောင်းသိရှိရသဖြင့် နေအိမ်များ သို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးသန်းဆွေအား ၎င်းနေအိမ်၌ တွေ့ရှိခဲ့ရကြောင်း၊ ဒေါ်ဇာပွင့်အား ၎င်းနေအိမ်တွင် တွေ့ရှိခြင်း မရှိဘဲ ခင်ပွန်းဖြစ်သူ ဦးဇေယျာထွေး(ဘ)ဦးသောင်းထွေးအား တွေ့ရှိခဲ့ရပြီး နေအိမ်အတွင်း၌ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဓာတ်ဆီပုလင်း ၃ လုံး၊ သံဒိုင်း ၃ ခု၊ ဓာတ်ငွေ့ကာမျက်မှန် ၃ လက်၊ အလှူငွေကောက်ခံမှုများရေးမှတ်ထားသည့် စာအုပ် ၅ အုပ်တို့အား သိမ်းဆည်း ရမိခဲ့သည်။
    
အဆိုပါ အများပြည်သူ အသုံးပြုလျက်ရှိသော လမ်းများပေါ်တွင် အတားအဆီးများ ဆောင်ရွက်ခဲ့သူနှင့် ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူတို့ အား ဥပဒေအရအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။