မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအနီး၌ လက်နက်၊ ခဲယမ်း အမြောက်အများ သယ်ဆောင်လာသည့် အကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပေါ်မှုမရှိစေရေး အချိန်မီ ဖော်ထုတ်တားဆီးနိုင်ခဲ့

မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအနီး၌ လက်နက်၊ ခဲယမ်း အမြောက်အများ သယ်ဆောင်လာသည့် အကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပေါ်မှုမရှိစေရေး အချိန်မီ ဖော်ထုတ်တားဆီးနိုင်ခဲ့

နေပြည်တော်၊ ဩဂုတ် - ၈

နိုင်ငံတော်အစိုးအရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက် နေသည့် ကာလအတွင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လစဉ် တိုးမြှင့်ရပ်ဆိုင်းပေးလျက်ရှိသည်။

ထိုသို့ရပ်ဆိုင်းပေးထားသည့် ကာလများအတွင်း အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG အဖွဲ့များသည် ပြည်သူလူထုအပေါ်စာနာထောက်ထားမှု မရှိဘဲ အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြသည့်အပြင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှ လက်နက်၊ခဲယမ်း၊ ဗုံးသီးများကို နည်း မျိုးစုံဖြင့် သယ်ယူ၍ အကြမ်းဖက်လုပ်ရပ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့များအနေဖြင့် ၈ လေးလုံး အထိမ်းအမှတ်အဖြစ် ယနေ့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဗုံးဖောက်ခွဲမှုများကို နိုင်ငံအဝှမ်း၌ လုပ်ဆောင်မည်ဖြစ်ကြောင်းကိုလည်းကြိုတင်သတင်းများရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးတင်းကြပ် ဆောင်ရွက် စစ်ဆေးမှုများ ပြုလုပ်၍ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိစေရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

ထိုကဲ့သို့ လုံခြုံရေးဆိုင်ရာ တင်းကြပ်၍ လိုအပ်သည့် စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် တံငါတောင်ကျေးရွာနေ အောင်ကိုမင်း(ဘ) ဦးသန်းညွန့် မောင်းနှင်၍ အာကာဖြိုး(ဘ)ဦးလှရွှေ လိုက်ပါလာသော ၉ဌ/----- ထော်လာဂျီအား မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ သင်္ချိုင်းအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက သတင်းအရ စောင့်ဆိုင်းရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် မိုးကာဖြင့်ပတ်၍ သယ်ဆောင်လာသည့် K-22 သေနတ် ၆၀ လက်၊ ၎င်းကျည် ၁၁၀၀၀ တောင့်၊ ကျည်အိမ် ၁၁၀ ခု၊ အီနာဂါ ဗုံးသီး ၈၅ လုံး၊ လက်ပစ်ဗုံး ၈၀ လုံး၊ Equipment ၆၀ စုံ၊ သေနတ်လွယ်ကြိုး ၂၁ ချောင်းတို့နှင့် ဖမ်းဆီးရမိခဲ့သည်။

ယင်းသို့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အသုံးပြုလာမည့် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများကို အချိန်မီ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်နိုင်မှုများ ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက် လုပ်ရပ်များကို အချိန်မီကာကွယ်တားဆီးပေးနိုင်ခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက် ဆိုချက်များနှင့် အခြားသတင်းဆက်စပ်ဖော်ထုတ်ချက်များအရ အထက်ပါ လက်နက် ခဲယမ်းများအား NLD ပါတီဝင် မင်းမင်း(မန္တလေးတိုင်းဒေသကြီး-၂ လွှတ်တော် ကိုယ် စားလှယ်ဟောင်း)၏ ချိတ်ဆက်စီမံမှုဖြင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထံမှ တစ်ဆင့် ဧရာဝတီမြစ်အား ဥဒိန်ကျေးရွာအနီးမှ ဖြတ်သန်းသယ်ဆောင်၍ စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ မြို့/ရွာ တစ်ခုအား အကြမ်းဖက်တိုက်ခိုက်ရန်စီမံခဲ့ခြင်းဖြစ် ကြောင်း၊ အထက်ပါ လက်နက် ခဲယမ်းများအား ဗျားကြီး၊ ဒေါင်းလန်း၊ သီဟ အပါအဝင် ၇ ဦးခန့်က သရီးကရောင်းယာဉ်ဖြင့် လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း ကနဦး အနေဖြင့် သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိသူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေအပြင် အခြားသက်ဆိုင်သည့် ဉပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။