မနီလာမြို့အနီးဝန်းကျင်လော့ဒေါင်းချမှု သီတင်းပတ်တစ်ပတ်လျှင် စီးပွားရေးအရဆုံးရှုံးမှု ပီဆိုဘီလီယံ ၁၅၀ အထိရှိနိုင်

မနီလာ၊ စီးပွားရေး

ဖိလစ်ပိုင်နိုင်ငံ   မနီလာမြို့နှင့်အနီး ဝန်းကျင်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုမြင့်တက်လာသည့်အတွက် အစိုးရက မဖြစ်မနေ လော့ဒေါင်းချမှတ်ထားကာ ထိုသို့ လော့ဒေါင်းချမှတ်မှုကြောင့် စီးပွားရေးအရဆုံးရှုံးမှုမှာ သီတင်းပတ်တစ်ပတ်လျှင် ပီဆိုဘီလီယံ ၁၅၀ အထိရှိနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။

နိုင်ငံအတွင်း ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု များပြားလာသည့်အတွက်  ဒေသအများအပြားကို လော့ဒေါင်း ချမှတ်လိုက်ရသောကြောင့် အဆိုပါစီးပွားရေးအရ ဆုံးရှုံးမှုပမာဏသည် ယခင်ခန့်မှန်းထားသည်ထက် ၄၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာကြောင်း ဒေသတွင်းသတင်းစာတစ်စောင်က သြဂုတ် ၈ ရက်တွင် ဖော်ပြထားသည်။

မနီလာမြို့နှင့် အနီးဝန်းကျင်ရှိဒေသများကို သြဂုတ် ၆ ရက်ကတည်းက လော့ဒေါင်းချထားခြင်းဖြစ်ကာ ယခုအချိန်အထိ လော့ဒေါင်းစည်းမျဉ်းများ  ချိုးဖောက်သူ ၂၀၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

မနီလာမြို့တော်ရှိဆေးရုံ ၁၃ ရုံတွင် ကိုဗစ်-၁၉ လူနာများနှင့်ပြည့်နှက်နေပြီဖြစ်ပြီး အခြားဆေးရုံ ၁၁ ရုံမှာ ခုတင်လွတ်နေရာ ၁၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်းနှင့် နောက်ထပ်ဆေးရုံ ၂၄ ရုံတွင် ခုတင် အလွတ် ၃၀ ရာခိုင်နှုန်းသာရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ကိုကိုးကား၍   ဒေသတွင်းသတင်းစာက ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၉၆၇၁ ဦးနှင့် သေဆုံးသူ ၂၈၇ ဦးရှိကာ အဆိုပါသေဆုံးမှု နှုန်းသည် ဧပြီ ၉  ရက်နောက်ပိုင်းတစ်ရက်အတွင်းသေဆုံးမှုအများဆုံးဖြစ်ကြောင်း၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစုပေါင်း ၁ ဒသမ ၆၆ သန်းကျော်နှင့် သေဆုံးသူစုစုပေါင်း ၂၉၁၂၂ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Ref: Bloomberg