မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ အသုံးပြု သည့် လက်လုပ်သေနတ်များ လက်ဝယ်ကိုင်ဆောင်ထားရှိသူများအား ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ အသုံးပြု သည့် လက်လုပ်သေနတ်များ လက်ဝယ်ကိုင်ဆောင်ထားရှိသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊  မတ် - ၂၁
    
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံ၍ ဆူပူအကြမ်းဖက်မှုကို လိုလားသောအဖွဲ့အစည်းများနှင့် လူအုပ်စုအချို့သည် နည်းမျိုးစုံ အသုံးပြု ပြီး သွေးထိုးလှုံ့ဆော်မှုများအား ဆောင်ရွက်လာသောကြောင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဖွဲ့များခွဲ၍ လုံခြုံရေးလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအတွင်း လက်လုပ်သေနတ်များထားရှိသည်ဟု သတင်းရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေစဉ် ဆူပူအကြမ်းဖက်သူ ၁၀၀ ဦးခန့်က ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီး၍ နှောင့်ယှက်လျက်ရှိသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲခဲ့ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး လက်လုပ်သေနတ် ၂ လက်အား သိမ်းဆည်းရမိခဲ့သည်။
    
ထို့ပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်း ကြားရှိ အောင်ကြီးဆီဇာဗီနိုင်းဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ရှာဖွေရာ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုများနှင့်သက်ဆိုင်ရာ ဗီနိုင်းစက်များ၊ နိုင်ငံတော်အကြည်ညိုပျက်စေ သည့် စာရွက်စာတမ်းများအပြင် ဆူပူဆန္ဒပြမှုများတွင် အထောက်အကူပြုဗီနိုင်းဆိုင်းပုဒ်များ   ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    
၎င်းအပြင် စဉ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာအတွင်းသို့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ကျော်မျိုးသန့်(ဘ)ဦးတိုးညွန့် ကို ဂတ်စ်ဘူး၊ ကော်ပိုက်အပြာဖြင့် ပြုလုပ်ကာ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်သေနတ် ၁ လက်နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
    
ထို့အတူ ကျောက်ဆည်မြို့၊ တောင်နံ့သာရွာတွင် လက်လုပ်သေနတ်များ ပြုလုပ် ရောင်းချနေသည်ဟုသတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ ကြည်သာဦး(ဘ)ဦးညိုလှ အား နေအိမ်တွင် လက်လုပ်သေနတ်ပြုလုပ်သည့် ဆက်စပ်ပစ္စည်း များ တွေ့ရှိရပြီး စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါကျေးရွာနေ တင်မြင့်ဆွေ(ဘ)ဦးထွန်းရွှေ နှင့် တိုင်းကျော်(ဘ)ဦးခင်မောင် တို့အား လက်လုပ်သေနတ် ၁ လက်စီ ရောင်းချထားကြောင်း သိရှိရပြီး အဆိုပါကျေးရွာနေ ဇော်မင်းနောင်(ဘ)ဦးစိန်သောင်း ၏ အလုပ်ရုံတွင် လက်လုပ် သေနတ်နှင့် လက်လုပ်မိုင်းများပြုလုပ်ရန်အတွက် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထား သိရှိ ရသဖြင့် ထပ်မံသွားရောက်ရှာဖွေရာ လက်လုပ်သေနတ် ၂ လက်နှင့်အတူ ဆက်စပ်ပစ္စည်းများ အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    
ထို့အတူ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းအုပ်စု၊ ဉာဏ်ကွေ့ကျေးရွာနေ မြင့်ဇော်ထွန်း(ဘ) ဦးမောင်မြင့်နှင့်ရန်နောင်(ဘ)ဦးရန်အောင်အေး တို့သည် အရက်ဆိုင်တွင် အရက်သောက် စကားများရန်ဖြစ်၍ မြင့်ဇော်ထွန်းမှ ရန်နောင်အား လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးထိန်းသိမ်းကာ လက်လုပ်သေနတ် အား သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရရှိသူအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေခဲ့သည်။
    
၎င်းအပြင် ရမည်းသင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် လှည့်ကင်းများ ဆောင်ရွက်နေစဉ် အောင်မင်္ဂလာရပ်ကွက်၊ အောင်ပြည့်အောင်  ဘုန်းတော်ကြီးကျောင်းအနီး သရက်ပင်အောက်တွင် ဂတ်စ်ဘူး၊ ကော်ပိုက်အပြာဖြင့်ပြုလုပ်ကာ ဖန်ဂေါ်လီထည့်ပစ်ရသည့် လက်လုပ်သေနတ် ၁ လက်ကိုင်ဆောင်ထားသူ တစ်ဦးတွေ့ရှိသဖြင့် လက်လုပ်သေနတ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်ခဲ့သူများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို လက်ဝယ်ထားရှိသူများကို ဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင် ရေး သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင် လျက်ရှိသူများကို အချိန်တိုအတွင်းဖမ်းဆီးရမိရေး တာဝန်သိပြည်သူများနှင့် ပူးပေါင်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။