မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်အရာရှိ ဟန်ဆောင်ကာ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေး ကောက်ခံရယူသူအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်အရာရှိ ဟန်ဆောင်ကာ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေး ကောက်ခံရယူသူအား ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၅

NUG ၊ CRPH အဖွဲ့တို့အား ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉    ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပျက်ပြားစေရန်  အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံအသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တပ်မတော် အရာရှိတစ်ဦးအဖြစ်ဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးများ အား အကြောင်းအမျိုးမျိုး ပြကာ တောင်းခံနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသွင်ယူစောင့်ဆိုင်းကာ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆လမ်းကြားတွင်  ထက်ဝေဖြိုး(ခ)ကိုထက် (၃ဝ)နှစ်၊ (ဘ)ဦးစိုးဝင်း၊ ၈၆ လမ်း၊ ၄၂ လမ်းထောင့်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီလလယ်ခန့်မှစ၍ တပ်မ(၉၉)မှ ဗိုလ်မှူးဇော်လင်းထွန်းဟု အမည်နာမသုံးကာ မဟာအောင်မြေမြို့နယ်၊ ''အောင်မိတ်ဆက်'' ဆန်ဆိုင်၊ ''ရွှေထိုက်''ဆန်ဆိုင်၊ ''ချမ်းချမ်း''ကုန်စုံဆိုင်၊ ''ဖိုးလုံး'' ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ ''ရွှေသီး''ကုန်မာဆိုင်၊ ''စိန်ဝင်းဝင်း''လက်ဖက်ရည်ဆိုင်၊ ''မိုးမိုးကျော်'' သကြားဆိုင်တို့အား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ''တျန်တင်''စတိုးဆိုင်၊ ''ငွေလမင်း'' ဆန်ဆိုင်နှင့် ''ဂြိုလ်တု''စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့အား လည်းကောင်း    အသီးသီး လိမ်လည်၍ ငွေတောင်းခံခဲ့ကြောင်း သိရှိရသည်။

 ယခုနောက်ဆုံးအကြိမ်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ''ရွှေပြည်မိုး'' စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင်အား သြဂုတ် ၂၂ ရက် ညနေပိုင်းက  ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့ပြီး အဆိုပါ ငွေများအား သွားရောက်ယူဆောင်စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏  ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ငွေကြေးလိမ်လည် ကောက်ခံမှုများတွင် စုစုပေါင်းငွေကျပ်သိန်း ၁၁ဝ ခန့် ရရှိခဲ့ပြီး အဆိုပါငွေများအား လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဖမ်းဆီးရမိသူ၏ ပြောကြားချက်အား ယခုလိုပဲကြားသိရပါတယ်-

ကျွန်တော့်နာမည်ကတော့ ထက်ဝေဖြိုး(ခ)ကိုထက်ဖြစ်ပါတယ်။ ကျွန်တော့်အဖေက ဦးစိုးဖြစ်ပါတယ်။ ကျွန်တော်က လက်ရှိ  ၈၆  လမ်း ၄၂ လမ်းထောင့်မှာနေပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းကနေ စပြီးတော့ ကျွန်တော် တပ်မ ၉၉ ဗိုလ်မှူးဇော်လင်းထွန်း နာမည်နဲ့   တပ်မတော်သား အယောင်ဆောင်ပြီးတော့    ငွေကြေးလိုက်လံ ကောက်ခံခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၈၆ လမ်း ၄၁ အောင်မိတ်ဆက် ဆန်ဆိုင်ကို ကျွန်တော် တပ်မ ၉၉ ဗိုလ်မှူးဇော်လင်းထွန်းနာမည်နဲ့   တပ်မတော်သား အယောင်ဆောင်ပြီးတော့  ငွေကြေးကောက်ခံခဲ့ပါ တယ်။ ကျွန်တော်ငွေကြေးတောင်းတာကတော့ သိန်း ၅ဝ တောင်းပြီးတော့ သိန်း ၃ဝ ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာ ၄၁ လမ်း ကျောက်ဝိုင်းနားက ရွှေထိုက်ဆန်ဆိုင်ကို တပ်မ ၉၉ ဗိုလ်မှူးဇော်လင်းထွန်း နာမည်နဲ့ ကျွန်တော် တပ်မတော်သား အယောင်ဆောင်ပြီးတော့ ငွေကြေးကောက်ခံခဲ့ပါတယ်။ ၄၂ လမ်းမှာ လှည့်ကင်းရှိတယ် ဆိုပြီးတော့ ကျွန်တော်ပြောဆိုခဲ့ပါတယ်။

ကျွန်တော်တောင်းဆိုတာကတော့ သိန်း ၅ဝ ဖြစ်ပါတယ်။ တကယ်လို့မပေးလို့ရှိရင်  ခင်ဗျားတို့ တစ်ခုခုဖြစ်မယ်ဆိုပြီးတော့ ကျွန်တော်ခြိမ်းခြောက်ခဲ့ပါတယ်။ မတ်လလဆန်းပိုင်းမှာတော့ ချမ်းချမ်းစတိုးဆိုင်ကို တပ်မ ၉၉ ဗိုလ်မှူးဇော်လင်းထွန်း နာမည်နဲ့ တပ်မတော်သားအယောင်ဆောင်ပြီးတော့  ကျွန်တော်ငွေကြေးကောက်ခဲ့ပါတယ်။ ကျွန်တော်ကောက်ခံခဲ့တာကတော့ သိန်း ၅ဝ ဖြစ်ပါတယ်။ သိန်း ၅ဝ တော့ မလုပ်ပါနဲ့ ဒီအချိန်ကလည်း အရောင်းအဝယ် မကောင်းလို့ဆိုပြီးတော့ သိန်း ၃ဝ ရခဲ့ပါတယ်။ သြဂုတ်လ လဆန်းပိုင်းမှာတော့ ၈၃ လမ်း ၈၄ လမ်းကြား ၃၂ လမ်း တျန်တင်ရောင်းဝယ်ရေးကို  ကျွန်တော်  တပ်မ၉၉ ဗိုလ်မှူးဇော်လင်းထွန်း နာမည်နဲ့ တပ်မတော်သား အယောင်ဆောင်ပြီးတော့ ငွေကြေး ကောက်ခံခဲ့ပါတယ်။ ကောက်ခံခဲ့တဲ့ငွေက တော့ သိန်း ၅ဝ ကောက်ခံခဲ့ပါတယ်။ သူတို့ကလည်း အရောင်းအဝယ်မကောင်းလို့ ညှိနှိုင်းရင်းနဲ့ ကျွန်တော် သိန်း ၃ဝ ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော် ကိုဖိုးလုံး ဆိုင်ကယ်ပစ္စည်းရောင်းဝယ်ရေး၊ ရွှေသီး ကုန်မာဆိုင် ပြီးတော့ မိုးမိုးကျော်သကြားစက်၊ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်၊ ငွေလမင်းဆန်ဆိုင်၊   ဂြိုလ်တုဓာတ်မြေသြဇာရောင်းဝယ်ရေး၊ ရွှေပြည်မိုးဓာတ်မြေသြဇာရောင်းဝယ်ရေး အဲဒီဆိုင်တွေအားလုံးကို ငွေကောက်ခံခဲ့ပါတယ်။