မန္တလေးတိုင်းဒေသကြီးအတွင်း CDM လှုပ်ရှားမှုတွင် ဦးဆောင်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၂၁

တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် CDM လှုပ်ရှားမှုကို အခြေခံပြီး ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုများကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးထိုးလှုံ့ဆော် လျက်ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ပူးပေါင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကံသာကျေးရွာတွင် ဆူပူဆန္ဒပြသူ အင်အား ၅၀ ဦးခန့်က ဆန့်ကျင် စာသားများဖြင့် ဆူပူဆန္ဒပြသဖြင့် စုံစမ်းဖော်ထုတ် ခဲ့ရာ ဦးဆောင်သူမှာ ဒေါ်စိုးစိုး(ဘ)ဦးစံဟိန်း မူလတန်းပြအခြေခံပညာအထက်တန်း ကျောင်း(မြကန်သာ)ဖြစ်ကြောင်းနှင့် ၎င်း၏ သားသမီးများဖြစ်သည့် မရတနာဦး၊ မသီရိရတနာ၊ သားဖြစ်သူ မောင်ရန်ရှင်းအောင်၊ ရန်လင်းအောင်တို့အား အဖြူအစိမ်း များ ဝတ်ဆင်စေကာ သပိတ်စစ်ကြောင်းတွင် ပါဝင်စေလျက်ရှိကြောင်း သိရှိရသဖြင့် နေအိမ်သို့ ညနေပိုင်းတွင် သွားရောက် စစ်ဆေးခဲ့ရာ ဒေါ်စိုးစိုး နှင့် သမီးဖြစ်သူ မရတနာဦး(ဘ)ဦးအောင်ဆန်းဦး တို့အား တွေ့ရှိခဲ့ရပြီး ထိန်းသိမ်းခဲ့ကာ တရားဥပဒေ နှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။