မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်း ဂတ်စ်သေနတ်၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်း ဂတ်စ်သေနတ်၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

အကြမ်းဖက်အဖွဲ့စည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် အကြမ်းဖက်သင်တန်းများတက်ရောက် စေပြီး တရားမဝင်ငွေကြေးထောက်ပံ့မှုများရယူကာ အများပြည်သူသွားလာလှုပ်ရှားလျက် ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း အစရှိသည့် အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လူသားခြင်းစာနာမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည် ။
 

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၂၉ ရက်တွင် တာဝန်ရှိပြည်သူများ၏ သတင်းပေးချက်အရ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ ဓမ္မဝါစက္ကဘောဇနသာလာ ငေွတာရီအုဋ်ကျောင်းနှင့် သာသနပါလ ရွှေဝါဝင်းကျောင်းတိုက်တို့၏ မြေအောက်ခန်းများအတွင်းမှ ဂတ်စ်သေနတ် ၁ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၄ လုံး၊ အင်ဂျင်နီယာသုံးဦးထုပ် ၂၄ လုံးနှင့်  ဓါတ်ငွေ့ကာ Mask ၇၆ ခုနှင့် ဆက်စပ်ပစ္စည်း ၁၅ မျိုးတို့အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသူ နေလဝင်း(ခ)နို့ဆီဗူးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
    

တရားခံ နေလဝင်း(ခ)နို့ဆီဗူး၏ ထွက်ဆိုချက်အရ KNLA တပ်မဟာ(၇) နယ်မြေတွင်  သင်တန်းတက်ရောက်ခဲ့ပြီး မန္တလေးမြို့ပေါ်ရှိလူငယ်များအား KIA ၊ KNU နယ်မြေများ၌ သင်တန်းတက်ရောက်ရန်အတွက် စည်းရုံးပို့ဆောင်ခဲ့ကြောင်းနှင့် ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး၌ PDF သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
    

ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်နှင့် PDF သင်တန်းများ ဖွင့်ရန်အတွက် အမေရိကန်တွင်နေထိုင်သူ တောသားကြီးထံမှ ငွေကျပ် သိန်း ၂၀ အား လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH ပြန်ကြားရေးအလယ်ပိုင်းတိုင်း တာဝန်ခံ ဖက်တီးထံမှ ငွေကျပ် ၂၄ သိန်းအားလည်းကောင်း၊ နန်းရှေ့နေထိုင်သူ သီဟ ထံမှ ငွေကျပ် ၇ သိန်း ၅ သောင်းအားလည်းကောင်း၊ စုစုပေါင်း ငွေကျပ် ၅၁ သိန်းအား ထောက်ပံ့မှုရရှိခဲ့ကြောင်း သိရှိရသည်။
  

 အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG တို့၏ ခိုင်းစေမှုဖြင့် မန္တလေးမြို့ အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် NLD ပါတီဗဟိုသုတေသန အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ အကြမ်းဖက်သမား မျိုးရန်နောင်သိမ်း သည် Signal Application မှတစ်ဆင့် နေလဝင်း(ခ)နို့ဆီဗူးအား အများပြည်သူများ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ဧပြီလတွင် New Ocean Super Center အနီးရှိ ဘောလုံးကွင်းသစ်တွင်လည်းကောင်း၊ ၇၈ လမ်း၊ ၃၈x ၃၉ လမ်းကြားရှိ ခန်းမရှေ့တွင် လည်းကောင်း၊ မန္တလေး-စစ်ကိုင်းသွား လမ်းမကြီးဘေး၌လည်းကောင်း၊ စုစုပေါင်း နေရာ ၃ နေရာ၌ ဖောက်ခွဲမှုပြုလုပ်ရန် စေခိုင်းခဲ့သောကြောင့် နေလဝင်း(ခ) နို့ဆီဗူးအနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    

၎င်းအပြင် မျိုးရန်နောင်သိမ်းသည် နေလဝင်း(ခ)နို့ဆီဗူးအား ဇူလိုင်လ ၂၃ ရက်တွင် အစိုးရအဆောက်အဦများ၊ ပြည်ခိုင်ဖြိုးရုံးများ၊ ပြည်သူ့ဆေးရုံများ၊ Quarantine Center များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများနှင့် အများပြည်သူ အနားယူအပန်းဖြေနိုင်သော မနော်ရမန်ဥယျာဉ်ရှေ့ရှိ ပန်းဥယျာဉ်နေရာနှင့် မနော်ရမန် ကစားကွင်းတို့အား ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ရန် စေခိုင်းထားကြောင်း သို့သော် နေလဝင်း(ခ)နို့ဆီဗူးအနေဖြင့် လုံခြုံရေးအဖွဲ့များကြောင့် ဆောင်ရွက်နိုင်မှုမရှိသေးသဖြင့် ဇူလိုင်လ ၃၀ ရက်တွင် ဖောက်ခွဲမှုများအား အပြီးဆောင်ရွက်ရန် ထပ်မံစေခိုင်း ထားကြောင်း သိရှိရသည်။ သို့သော် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့်  ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲရေးသမားများ ပုန်းရှောင်ခိုအောင်းနေသော မြတောင်ကျောင်းတိုက်အား အချိန်မီဝင်ရောက်ရှာဖွေနိုင်ခဲ့သဖြင့် မျိုးရန်နောင်သိမ်း၏ အကြမ်းဖက်ဆောင်ရွက်မည့်အစီအမံအား ကြိုတင်တားဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
  

 သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၊ CRPHနှင့် အကြမ်းဖက် သမား မျိုးရန်နောင်သိမ်းတို့၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် အပြစ်မဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကျိုးစီးပွားအား ပျက်စီးစေရန် ပေါ်လွင်လာကြောင်း တွေ့ရှိရသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန် အပ်ပါသည်။