မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူ ၁ ဦးသေဆုံး

နေပြည်တော်၊ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လုယက်မှုကျူးလွန်သူ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင် လာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်ကိုင်ဆောင်သော လက်နက်အား လုယူခဲ့ရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး လုယက်မှုကျူးလွန်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အငယ်တန်းစာရေး ဒေါ်နွယ်နီဝင်းသည် ရုံးဆင်း၍ တောင်သာမြို့ရှိ ၎င်း၏နေအိမ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့်ပြန်လာစဉ် အမှတ်(၁၉)ရပ်ကွက်ရှိ ခရိုင်လျှပ်စစ်ဓာတ်အားခွဲရုံအနီးအရောက် အမျိုးသား ၂ ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ ဒေါ်နွယ်နီဝင်း ၏ လက်ဆွဲအိတ်အား လုယူထွက် ပြေးသွားခဲ့ ပြီး ဒေါ်နွယ်နီဝင်း၏ ဆိုင်ကယ်မှာ လဲကျတိမ်းမှောက်ခဲ့ကြောင်းနှင့် လုယက်မှုကျူးလွန်ခဲ့သူနှစ်ဦးအား မြင်းခြံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုယက်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူများမှ မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်နေ အောင်ထွန်း(ခ)အောင်နက် (၂၁)နှစ် (ဘ) ဦးအုန်းလှိုင်နှင့် အတူနေ ကုလား(ခ)နေရာဇာ (၁၉)နှစ် (ဘ)ဦးစိန်မောင်တို့ ၂ ဦး ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင် စွန်းလွန်းဆည် အရှေ့ဘက်ရှိ ချုံများအနီး၌ တရားခံ ၂ ဦးအား ပြစ်မှုကျူးလွန်ရာတွင် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်၊ လုယက်ယူဆောင်သွားသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများအား မော်တော်ယာဉ်ဖြင့် ရဲစခန်းသို့‌ ခေါ်ဆောင်လာစဉ် အောင်ထွန်း(ခ)အောင်နက်သည် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုင်ဆောင်ထားသည့် သေနတ်အား လုယူရန်ကြိုးစားခဲ့ရာမှ ကျည်ပေါက် ထွက်ကာ အောင်ထွန်း(ခ)အောင်နက်၏ ဉီးခေါင်းအား ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် မြင်းခြံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် လူသေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူ ကုလား(ခ)နေရာဇာအား စစ်ဆေး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။