မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်များ ည ၈ နာရီ ပရိတ်ရွတ်ချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆဲဆိုပစ်ခတ်သဖြင့် သံဃာအချို့ဒဏ်ရာရရှိကြောင်း သတင်းမှားများ ဖော်ပြနေမှုနှင့်ပတ်သက်၍ သတင်းအမှန်ပြန်လည်ရှင်းလင်းခြင်း

နေပြည်တော်၊ ဇွန် ၃

မီဒီယာအချို့အနေဖြင့် လူမှုကွန်ရက်စာမျက်နှာ (Facebook)အား အသုံးပြုကာ မှန်ကန်မှု မရှိသော သတင်းများအား အများပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန်၊ လူပုဂ္ဂိုလ်အဖွဲ့အစည်း များကြား အမုန်းတရားများကြီးထွားလာစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများအား အထင်အမြင် လွဲမှားစေရန် စသည့် ရိုးသားမှုမရှိသော မသမာသော ရည်ရွယ်ချက်များဖြင့် မီဒီယာ ကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ် မမှန်လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ လုပ်ကြံရေးသားလျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် Khit Thit Media အမည်ဖြင့် မီဒီယာတစ်ခုမှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “မန္တလေးမစိုးရိမ်တိုက်သစ်မှ သံဃာတော်များက ယနေ့ည ၈ နာရီ ပရိတ်ရွတ်ဖတ်နေချိန် စစ်ကောင်စီက လာရောက်ပြီး ကျောင်း အပေါက်ဝအထိ ဆဲဆိုပါတယ်၊ ပရိတ်ရွတ်ဖတ်ပူဇော်နေတာကို ပစ်ခတ်ဖြိုခွင်းပါတယ်၊ သံဃာအချို့ ထိခိုက်ဒဏ်ရာရရှိပါတယ်၊ တစ်ပါးမှတော့ အဖမ်းခံရတာ မရှိပါဘူး”အစရှိသဖြင့် မစိုးရိမ်တိုက်သစ်မှ သံဃာတော်တစ်ပါးမှ အမှန်တကယ်မိန့်ကြားခဲ့သယောင် မဟုတ်မမှန်ရေးသားထားသည်ကို တွေ့ရှိ ရသည်။

ရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား စိစစ်ရာတွင် ၎င်းတို့ရေးသားဖော်ပြထားသည့် နေ့ရက်နှင့် အချိန်အတွင်း မည်သည့်လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်းမရှိသည်ကိုလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉ လမ်းနှင့် ၃၈ လမ်းရှိ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းတွင် သီတင်းသုံးသည့် မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော်အား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများက အဆိုပါရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ သွားရောက် လျှောက်ထားအတည်ပြုရာတွင်လည်း ရေးသားဖော်ပြထားမှုသည် မှန်ကန်မှုမရှိဘဲ လုပ်ကြံ ရေးသား ထားခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်။

သို့ဖြစ်ပါ၍ အများပြည်သူလူထုအနေဖြင့် မီဒီယာအချို့၏ သတင်းမီဒီယာကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ်မမှန်လုပ်ကြံရေးသားနေမှုများအား အသိ၊ သတိဖြင့် ယှဉ်ကာ ချင့်ချိန်ဝေဖန် သုံးသပ်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။