မန္တလေးမစိုးရိမ်တိုက်သစ် ဆရာတော်များ ည  နာရီ ပရိတ်ရွတ်ချိန် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆဲဆိုပစ်ခတ်သဖြင့် သံဃာအချို့ ဒဏ်ရာရရှိကြောင်း သတင်းမှားများ ဖော်ပြနေမှုနှင့် ပတ်သက်၍  သတင်းအမှန် ပြန်လည်ရှင်းလင်းခြင်း

နေပြည်တော်  ဇွန်  ၃

မီဒီယာအချို့အနေဖြင့် လူမှုကွန်ရက် စာမျက်နှာ(Facebook)အား အသုံးပြုကာ မှန်ကန်မှုမရှိသော သတင်းများအား အများပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေရန်၊  လူပုဂ္ဂိုလ် အဖွဲ့အစည်းများကြား အမုန်းတရားများ ကြီးထွားလာစေရန်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှုများအား အထင်အမြင် လွဲမှားစေရန်  စသည့် ရိုးသားမှုမရှိသော မသမာသော ရည်ရွယ်ချက်များဖြင့် မီဒီယာကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ်မမှန် လုပ်ကြံရေးသားလျက် ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ကြံရေးသားလျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် Khit Thit Media အမည်ဖြင့်  မီဒီယာတစ်ခုမှ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ''မန္တလေး မစိုးရိမ်တိုက်သစ်မှ သံဃာတော်များက ယနေ့ည ၈ နာရီ ပရိတ်ရွတ်ဖတ်နေချိန် စစ်ကောင်စီက လာရောက်ပြီး ကျောင်းအပေါက်ဝအထိ ဆဲဆိုပါတယ်၊ ပရိတ်ရွတ်ဖတ် ပူဇော်နေတာကို ပစ်ခတ် ဖြိုခွင်းပါတယ်။  သံဃာအချို့ ထိခိုက်ဒဏ်ရာရရှိပါတယ်။ တစ်ပါးမှတော့ အဖမ်းခံရတာ မရှိပါဘူး''   အစရှိသဖြင့် မစိုးရိမ်တိုက်သစ်မှ သံဃာတော် တစ်ပါးမှ အမှန်တကယ် မိန့်ကြားခဲ့သယောင် မဟုတ်မမှန် ရေးသားထားသည်ကို   တွေ့ရှိရသည်။

ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအားစိစစ်ရာတွင် ၎င်းတို့ရေးသား ဖော်ပြထားသည့်  နေ့ရက်နှင့် အချိန်အတွင်း မည်သည့်လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကမှ ထိုကဲ့သို့ ပြုမူဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို လည်းကောင်း၊ ဇွန်လ ၃ ရက်နေ့ ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉ လမ်းနှင့် ၃၈ လမ်းရှိ မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းတွင် သီတင်းသုံးသည့် မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်အား အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှ တာဝန်ရှိသူများက အဆိုပါ ရေးသားဖော်ပြထားမှုနှင့် ပတ်သက်၍ သွားရောက်လျှောက်ထား အတည်ပြုရာတွင်လည်း  ရေးသား ဖော်ပြထားမှုသည် မှန်ကန်မှုမရှိဘဲ လုပ်ကြံ ရေးသားထားခြင်း ဖြစ်ကြောင်း စိစစ်သိရှိရသည်။

သို့ဖြစ်ပါ၍ အများပြည်သူလူထု အနေဖြင့် မီဒီယာအချို့၏ သတင်းမီဒီယာ ကျင့်ဝတ်အား ချိုးဖောက်ကာ မဟုတ်မမှန် လုပ်ကြံရေးသားနေမှုများအား အသိ၊ သတိဖြင့် ယှဉ်ကာ ချင့်ချိန်ဝေဖန် သုံးသပ်နိုင်ပါရန် အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။