မလေးရှားက ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများကို အချို့နေရာများတွင် ကန့်သတ်ချက်ဖြေလျှော့ပေးမည်

ကွာလာလမ်ပူ၊ ကျန်းမာရေး

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို  ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးကို  လော့ဒေါင်းများချမှတ် ထားရာမှ ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူများကို အချို့နေရာများတွင် ကန့်သတ်ချက်ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဖြေလျှော့ ပေးမှုများတွင် ခရီးသွားလာမှုများ၊ ညစာထွက်စားမှုများ၊ နေအိမ်ပြင်ပ အားကစားလှုပ်ရှားမှုများ ပါဝင်ကြောင်းသိ ရသည်။

ထို့ပြင် နိုင်ငံအတွင်းသို့ပြန်လာသည့် ကာကွယ်ဆေးအပြည့်ထိုးထားပြီးသော နိုင်ငံသားများအနေဖြင့်လည်း နေအိမ်၌သာ ကွာရန်တင်း ဝင်ခွင့်ရမည်ဖြစ်သည်။အဆိုပါကန့်သတ်ချက်များ  ဖြေလျှော့ပေးမှုသည် နိုင်ငံတော်ပြန်လည်ထူထောင်ရေးအစီအစဉ်၏   ဒုတိယ အဆင့်အဖြစ် သတ်မှတ်ခံထားရသည့်   နေရာများတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖြတ် ကျော်ခရီးသွား လာမှုများ၊ တစ်ဦးနှင့်တစ်ဦးထိတွေ့ရခြင်းမရှိသည့် အားကစားလုပ်မှုများ၊ စားသောက်ဆိုင်များ၌ ညစာစားမှုများကို သြဂုတ် ၁၀ ရက်တွင် စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က သြဂုတ် ၈ ရက်တွင်ထုတ်ပြန်ကြေညာသည်။

ပြည်သူများအနေဖြင့် ကမ္ဘာ့ကပ်ရောဂါကြောင့် ပင်ပန်းနွမ်းနယ်မှုနှင့်ကြုံတွေ့နေရသည်ကို ၎င်းက နားလည်သဘောပေါက်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏တင်ပြချက်အရ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများသက်သာချောင်ချိမှုရှိစေရန် အစိုးရက ပြင်ဆင် ထားကြောင်း မူဟစ်ဒင်ယက်ဆင်ကဆက်ပြောသည်။

ထိုကဲ့သို့ကန့်သတ်ချက်ဖြေလျှော့ပေးသည့်အစီအစဉ်တွင် ပါဝင်ခွင့်ရသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးသည်မှာ ၁၄ ရက်ရှိနှင့်ပြီးသူများ သို့မဟုတ် ကာကွယ်ဆေးပထမအကြိမ်ထိုးပြီးနောက် ၂၈ ရက်ကြာရှိနှင့် ပြီးသူများဖြစ်သည်။ ထို့ပြင် ယခုအစီအစဉ်အရ နယ်ကျော်သွားလာခွင့်မရှိသည့်   ကန့်သတ်ချက်များကြောင့်   ဝေးနေရသော ကာကွယ်ဆေး ထိုးပြီးသည့် အိမ်ထောင်သည်များ၊ အသက် ၁၈ နှစ်အောက်ကလေးများနှင့်တွေ့မည့် ကာကွယ်ဆေးထိုးပြီးသူမိဘများလည်းပါဝင်သည်။

သို့သော် ယင်းအစီအစဉ်တွင်ပါဝင်ခွင့်ရသူများသည် အစိုးရကသတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဖြစ်သော ဖိုင်ဇာ-ဘိုင်အိုအန်တက်၊ အက်စထရာဇီနီကာ၊ ဆိုင်နိုဗက်၊ ဂျွန်ဆင်အန်ဂျွန်ဆင်နှင့် ကန်ဆိုင်နို ကုမ္ပဏီထုတ်ကာကွယ်ဆေးများကို   ထိုးထားသူများဖြစ်ရမည်ဖြစ်သည်။

ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများအနေဖြင့် စားသောက်ဆိုင်များတွင်ထိုင်၍စားသောက်ခွင့်ရမည်ဖြစ်သော်လည်း ထိုသို့ထိုင် စားခြင်းက နှာခေါင်းစည်းများ ချွတ်ရမည့်အတွက် လိုအပ်မှသာဆိုင်ထိုင်စားသောက်ရန်နှင့် အချိန်ကြာမြင့်စွာနေထိုင်ခြင်းမပြုဘဲ လေဝင် လေထွက်ကောင်းသောဆိုင်များကိုသာ ရွေးချယ်ပြီးထိုင်ရန်    ဝန်ကြီးချုပ်က တိုက်တွန်းထားကြောင်း သိရသည်။

Ref: TST