မလေးရှားအစိုးရက ကာကွယ်ဆေးထိုးပြီးသူများကို သက်သာခွင့်များပေးမည်

ပူထရာဂျာယာ၊ ပြည်တွင်းရေး

မလေးရှားအစိုးရသည် နိုင်ငံအတွင်းရှိ ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများကို စားသောက်ဆိုင်များတွင် ထိုင်စားခွင့်နှင့် ပြည်နယ်အချင်းချင်း ကူးလူးသွားလာခွင့်တို့အပါအဝင်  သက်သာခွင့်များပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က ဇူလိုင် ၁၅ ရက်တွင်ပြောသည်။

ဝန်ကြီးချုပ်   မူဟစ်ဒင်ယက်ဆင်က ၎င်းင်းသည် ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများအတွက်  သွားလာမှုထိန်းချုပ်ရေး အမိန့်ဖြေ လျှော့ပေးရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရှိမှုအာမခံအထူးကော်မတီကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ ဖြေလျှော့မှုများ ပေးခြင်းကြောင့် ပြည်သူများ၏ဘဝများမှာလည်း တဖြည်းဖြည်းနှင့် ပုံမှန်ဘဝသို့ပြန်ရောက်လာနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။

ထို့ပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး    အစီအစဉ်မှာလည်း ချောမွေ့စွာလည်ပတ်နေကြောင်း၊ ယခုလအတွင်း သို့မဟုတ် လာမည့်လအတွင်း ကာကွယ်ဆေးများထပ်ရောက်လာမည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအချိန်တွင် ပြည်သူများအနေဖြင့် အစိုးရအပေါ် စိတ်ရှည်ရှည်ဖြင့်သည်းခံပေးရန်လိုကြောင်း၊  အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ၊ ပြည်သူလူထုနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ယခုရင်ဆိုင်ခံစားနေရသည့် ကပ်ဘေးကြီး ကိုအောင်မြင်မည်ဟုယုံကြည်ထားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

မလေးရှားနိုင်ငံ၌ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၁၂၆ သိန်းကျော်ရှိကာ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ    အရေအတွက်မှာ သိန်း ၄၀ ကျော်ရှိသည်။

ဇူလိုင် ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်မှာမူ ၁၃၂၁၅ ဦးရှိသည့်အတွက် သုံးရက်ဆက်တိုက် စံချိန်တင်မြင့် တက်မှုဖြစ်ကြောင်း သိရသည်။

Ref: Bernama