မလေးရှား၌ စည်းကမ်းများမလိုက်နာပါက တစ်ရက်လျှင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၃၀၀၀ အထိမြင့်တက်နိုင်ဟုဆို

မလေးရှား၊ ကျန်းမာရေး

မလေးရှားနိုင်ငံရှိ ပြည်သူများအနေဖြင့် တာဝန်ရှိသူများချမှတ်ထားသော စည်းကမ်းများကိုမလိုက်နာပါက ဇွန် ၁၄ ရက် အရောက် တွင်တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အယောက် ၁၃၀၀၀ အထိမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၌ ဧပြီလမှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာပြီး မေ ၂၉ ရက်တွင် တစ်ရက် အတွင်းရောဂါဖြစ်ပွားသူ ၉၀၂၀ ဖြင့်စံချိန်တင်သည်။

လက်ရှိအချိန်တွင် မလေးရှားနိုင်ငံသည် ကပ်ရောဂါကို ရင်ဆိုင်ခံစားနေရဆဲဖြစ်ကြောင်း၊ ကိုယ့်အိမ်မှာကိုယ်နေပြီး မလိုအပ်ဘဲ အပြင်မထွက်သင့်ကြောင်း၊ လိုအပ်၍ အပြင်ထွက်ရပါကလည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ယခုဖြစ်ပွားနေသည့် ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားသူအရေအတွက် မြင့်တက်လာ ရခြင်းဖြစ်ကာ ထိုသို့ကူးစက်မှုမြင့်တက်လာခြင်းကိုထိန်းချုပ်ရန် အစိုးရက တစ်နိုင်ငံလုံးကို ဇွန် ၁ ရက်မှစ၍ သီတင်းပတ်နှစ်ပတ်ကြာ လော့ဒေါင်းချမှတ်ထားသည်။

ထိုသို့လော့ဒေါင်းချမှတ်ထားမှုကြောင့် စီးပွားရေးလုပ်ငန်းအများအပြားနှင့် ကုန်တိုက်ငယ်များပိတ်ထားရပြီး ကုန်တိုက်ကြီးများနှင့် အခြေခံလိုအပ်သည့်နေရာများကိုသာ လုပ်ငန်းဖွင့်လှစ်ခွင့်ပေးထားသည်။

ကန့်သတ်ချက်အရ တစ်အိမ်လျှင်လူနှစ်ဦးသာ အပြင်ထွက်ခွင့်ရှိသော်လည်း ၎င်းတို့အနေဖြင့် ကျန်းမာရေးကဲ့သို့ မဖြစ်မနေ ကိစ္စရပ်များအတွက်သာ ထွက်ခွင့်ရမည်ဖြစ်ကာ  အချင်းဝက် ၁၀ ကီလိုမီတာကိုကျော်လွန်၍ သွားလာခွင့်မရှိကြောင်းသိရသည်။

Ref: CAN