မလေးရှား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၉ဝ၂ဝ ဖြင့် အမြင့်ဆုံး စံချိန်တင်

မလေးရှားနိုင်ငံ၌ မေ ၂၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၉ဝ၂ဝ ဖြင့် နိုင်ငံ၏   ကပ်ရောဂါ ကာလတစ်လျှောက် တစ်ရက်အတွင်း ရောဂါကူးစက်သူ အများဆုံးအဖြစ်    အမြင့်ဆုံး စံချိန်တင်ကြောင်း သိရသည်။

ယခုရောဂါကူးစက်သူ အရေအတွက်သည် ငါးရက်ဆက်တိုက် အမြင့်ဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးတွင်    ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူစုစုပေါင်း ငါးသိန်းခွဲကျော်နှင့် ရောဂါကူးစက် ခံနေရဆဲဖြစ်သူ ၇၆၂၁၈ ဦးရှိသည်။

ထို့ပြင် မေ ၂၉ ရက်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၈ ဦးရှိသည့်အတွက်  နိုင်ငံအတွင်း  ထိုရောဂါကြောင့် သေဆုံးသူ စုစုပေါင်း  ၂၆၅ဝ  ရှိလာပြီဖြစ်သည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်ထိုးပြီးသူ တစ်သန်းကျော်နှင့် ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၁ ဒသမ ၇  သန်းကျော် ရှိသည့်အတွက် ကာကွယ်ဆေး ထိုးထားပြီးသူစုစုပေါင်း ၂ ဒသမ ၈ သန်းနီးပါးရှိကြောင်း ကျန်းမာရေး ဝန်ကြီးက ပြောသည်။

ထို့ကြောင့်   မလေးရှားနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရန် ဇွန် ၁ ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးကို  လော့ဒေါင်း ချမည်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများကိုသာ ဖွင့်လှစ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်က ထုတ်ပြန် ကြေညာထားသည်။