မလေးရှား၌ အထူးကြပ်မတ် ကုသမှုခံယူရမည့် လူနာကို ဆရာဝန်များက ခက်ခက်ခဲခဲ ရွေးချယ်ရမည်

မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါ ကူးစက်မှု မြင့်တက်နေသည့်အတွက်   ဆရာဝန်များ အနေဖြင့် အထူးကြပ်မတ်ကုသမှု ခံယူရမည့် လူနာများကို ခက်ခက်ခဲခဲ ရွေးချယ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၃ဝ ရက်တွင်ထုတ်ပြန်သည်။

အကယ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်သည် နိုင်ငံရှိဆေးရုံများ၏ ကုသနိုင်စွမ်းအားကို ကျော်လွန်ပါက ဆရာဝန်များအနေဖြင့် အထူးကြပ်မတ် ကုသဆောင်များကို      ဦးစားပေးရမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ထို့ကြောင့် ဆရာဝန်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ပြန်လည်ကောင်းမွန် လာနိုင်ခြေနည်းသော လူနာနှင့် ပြန်လည်ကောင်းမွန်လာနိုင်ခြေ များသော လူနာများအနက် မည်သူ့ကို  အထူးကြပ်မတ်ကုသဆောင်သို့ ပို့ရမည်ကို ခက်ခက် ခဲခဲရွေးချယ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံအတွင်း ရောဂါကူးစက်သူ အရေအတွက် မြင့်တက်လာသည့်အတွက် ကွာရန်တင်းနေရာများနှင့် ကုသရေး ဌာနများ အပါအဝင် အထူးကြပ်မတ် ကုသဆောင်နှင့် ကိုဗစ်-၁၉ ရောဂါကုသရေး ဆေးရုံများရှိ ခုတင်အရေအတွက် နည်းပါးလာကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်ပြောသည်။

လက်ရှိတွင် အထူးကြပ်မတ် ကုသဆောင်များ၌ ခုတင် ၁၁၁၃ လုံးမှာ လူနာများနှင့် ပြည့်နေပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၁ဝ၄ ရာခိုင်နှုန်းရှိကာ သာမန်ဆေးရုံ တက်ရောက်ကုသသူမှာ ၁ဝ၁၉ဝ ရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ၈၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။