မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

 
နေပြည်တော်၊ ဇန်နဝါရီ - ၂၇

 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ရတနာ ပလ္လင် တော် နေရာ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ရေး ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်၊ မင်္ဂလာ ဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညို ကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်သည် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရှင်းလင်းဆောင်၌ ပါဠိ ဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဦးဆောင်၍ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနရှိ ဌာပနာတိုက်တော်တွင်းသို့ ထည့်သွင်းပူဇော်မည့် (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံ တကာမှ ငွေဒင်္ဂါးပြားများကို ဌာပနာရွှေသေတ္တာတော်များ အတွင်းသို့ ထုံးတမ်းစဉ်လာ များနှင့်အညီ ထည့်သွင်းပြီး နံ့သာမှုန့်များ ပက်ဖြန်း ပူဇော်သည်။
၎င်းနောက် ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနတ္တယပူဇာ ဂါထာနှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆို ပွားများ ပူဇော်ကြသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများက ဆရာတော်ကြီးများ ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် ဇယမင်္ဂလာဂါထာတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားသည်။ ယင်းနောက် မင်္ဂလာအချိန်တော်တွင် ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဇာတာတော်များ၊ အဖိုးတန် ရွှေငွေ ကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ ထည့်သွင်းထားသည့် ဌာပနာ ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် ကဗ္ဗည်းမော်ကွန်းကျောက်စာတော် တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူ ပူဇော်ကြသည်။
ထို့နောက် ပါဠိဆရာတော်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် ဌာပနာတော်တိုက်များအား နံ့သာရည်များ ပက်ဖျန်း ပူဇော်ကြသည်။ ယင်းနောက် ပါဠိဆရာတော်ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယမင်္ဂလာ အောင်ဂါထာများကို ရွတ်ဆိုပူဇော်ပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းလွှာကို ဖတ်ကြား၍ မေတ္တာပြု အမျှပေးဝေကြသည်။
၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး ခဲ့ကြောင်း သတင်းရရှိသည်။