မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  မေ  ၁၉

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH  အမည်ခံ ပြည်ပြေးလွှတ်တော် ကော်မတီတို့၏ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး တို့ကို ပျက်ပြားစေရန် ဆောင်ရွက်နေမှုများကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍  လုံခြုံရေးအား နေ့ညမပြတ် ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင်လည်း မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး တာဝန်များကို ဆက်လက်ထမ်းဆောင် ပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။