မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအားလက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၌ ဖမ်းဆီးရမိ

မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအားလက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၌ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၄

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်ရှိ “ကိုကိုညီညီ”ငါးကင်ဆိုင်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေလင်း အပါအဝင် စိုးအောင်၊ ပြည့်စုံအောင်နှင့် ဟိန်းမင်းမင်းထက်တို့ ၄ ဉီးကို ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း၂ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ နေလင်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၈)ရပ်ကွက်၊ တိုက်အမှတ်(၁၂၆)သို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် Air Gun ၈ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၅၂ လုံး၊ မီးခိုးဗုံး ၄၆ လုံး၊ လက်လုပ်ပဒေသာမိုင်း ၁၁ လုံးပါ ၁ တွဲနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၄ ရက်တွင် ဖြစ်စဉ်နှင့် ဆက်စပ်သူများဖြစ်သည့် ထက်အောင်ခန့် ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်၊ အမှတ်(၇၃၁)၌ လည်းကောင်း၊ အာကာအောင်(ခ)အာကာ(၃၅)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ထက်အောင်ခန့်၏ ထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ခဲ့သူ Lion (ဖမ်းဆီးရန်ကျန်)ထံသို့ ပစ်ခတ်ရန်သေနတ်အား NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် (ဖမ်းဆီးရန်ကျန်)ထံမှ ချိတ်ဆက်ရယူပေးခဲ့ရာတွင် ၎င်းအနေဖြင့် ပူးပေါင်းပါဝင်ကျူးလွန် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် (တောင်ပိုင်း) မြို့နယ်များအတွင်း ဖောက်ခွဲမှု(၅)ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရပြီး ဇွန်လ ၁၉ ရက်တွင် (၄၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ ခြံစည်းရိုးတွင် လက်လုပ်ဗုံး ၁ လုံး အား လည်းကောင်း၊ ဇူလိုင်လ ၆ ရက်တွင် (၄၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်ရှိ အမှိုက်ပုံးတွင် လက်လုပ်ချိန်ကိုက်ဗုံး ၁ လုံး အား လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်တွင် (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်း နှင့် ဗိုလ်ချုပ်လမ်းထောင့်၌ လက်လုပ်ဗုံး ၁ လုံး အား လည်းကောင်း၊ ဩဂုတ်လ ၅ ရက်တွင် (၃၅)ရပ်ကွက်ရှိ “မြိုင်မဟာ”လ္ဘက်ရည်ဆိုင်၌ လက်လုပ်ဗုံး ၁ လုံး အား လည်းကောင်း၊ ဩဂုတ်လ ၈ ရက်တွင် ၅၅ ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဧရာဝဏ် လမ်းထောင့်၌ ဆိုင်ကယ်တူးဘောက်အတွင်း လက်လုပ်ဗုံး ၁ လုံးအား တပ်ဆင်၍ လည်းကောင်း ဖောက်ခွဲမှုများ အသီးသီးပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူများအား ဥပဒေ အရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရန် လက်နက် ထုတ်ပေးခဲ့သည့် NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန်၊ အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် Lion နှင့် အခြားဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားကြ ပါရန်နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။