မိုးခေါင်ရေရှားမှုနှင့် ပဋိပက္ခများကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် အာဖရိက ဦးချိုဒေသ
အာဖရိကဦးချိုဒေသတွင် ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုသည် ဒေသတွင်းရှိ နိုင်ငံအချို့အား အစားအစာ ရှားပါးမှုဒဏ်အပြင် နိုင်ငံရေးပဋိပက္ခများနှင့် ရင်ဆိုင် ရစေမည့်အန္တရာယ်ကို ဖြစ်ပေါ်စေလျက်ရှိသည်။
အာဖရိကဦးချိုဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အီသီယိုးပီးယားနိုင်ငံတွင် အစား အစာရှားပါးမှုနှင့် ဆိုးရွားစွာကြုံတွေ့နေရသောကြောင့် ယင်းနိုင်ငံအတွင်းရှိ ဒေသန္တရအစိုးရအဖွဲ့များက အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သော်လည်း ဗဟိုအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အဘီအာမက်က လက်တွေ့ဖြစ်ပွားနေသည့် အခြေအနေများကို လျစ်လျူရှု၍ နိုင်ငံအတွင်း အရေးပေါ်အခြေအနေ တစ်ရပ် တရားဝင်ထုတ်ပြန် ကြေညာရန် ငြင်းဆိုထားသည်။
အီသီယိုးပီးယားနိုင်ငံတွင် အစားအစာ ရှားပါးမှုကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ နိုင်ငံအတွင်းရှိ လူအများအပြားမှာ ၎င်းတို့၏နေရပ်ကို စွန့်ခွာသွားကြပြီဖြစ်သည်။ အီသီယိုးပီးယား နိုင်ငံသည် ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှုနှင့် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နိုင်ငံအတွင်းရှိ ပြည်သူအများအပြားမှာ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ရှာဖွေရန်အတွက် အခြားနိုင်ငံများသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် အီသီယိုးပီးယားပြည်သူ ၁၈၀၀၀၀ ကျော်မှာ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းခဲ့ကြောင်း နိုင်ငံတကာ လူရွှေ့ပြောင်း ဝင်ရောက်မှု လေ့လာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။
ဆိုမာလီယာနိုင်ငံသည် ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်မှစ၍ မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အီသီယိုးပီးယား ပြည်သူအများစုမှာ များသောအားဖြင့် နိုင်ငံရေး တည်ငြိမ်မှုမရှိဘဲ ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ယီမင်နိုင်ငံအတွင်းသို့ ဝင်ရောက်သွားခြင်းဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ပဋိပက္ခများကြောင့် ယီမင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် လူဦးရေမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်းမှာပင် ၉၂၃၅၇ ဦးအထိ မြင့်တက်လာခဲ့သည်။ ယင်းပမာဏသည် ယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
အာဖရိကဦးချိုဒေသသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးသော မိုးခေါင်မှု နှင့်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ဖော် ပြောကြားသည်။ ထို့ကြောင့် ယင်းဒေသအတွင်း ဖြစ်ပွားနေသည့် ရာသီဥတုပြောင်းလဲမှုနှင့် မိုးခေါင် ရေရှားဖြစ်မှုကို တုံ့ပြန်လုပ်ဆောင်ရန် အတွက် ထောက်ပံ့ပေးကြရန် အလှူရှင် နိုင်ငံများအား တောင်းဆိုထားသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် ဒေသများရှိ ပြည်သူထောင်ပေါင်း များစွာသည် ယခုအခါ အခက်အခဲအများအပြားနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံ အပါအဝင် အဆိုပါဒေသတွင် နေထိုင်ကြသည့် နိုင်ငံများရှိ ပြည်သူအများစုမှာ ကျွဲ၊နွားထိန်းကျောင်းခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေကြသူများဖြစ်သောကြောင့် မိုးခေါင်ရေရှားမှုသည် လူနှင့်ကျွဲ၊ နွားများအတွက် လိုအပ်သည့် သောက်သုံးရေ ရရှိရေးအား အခက်အခဲ ဖြစ်စေသည်ကို တွေ့ရသည်။
အာဖရိကဦးချိုဒေသရှိ ပြည်သူများ သည် မိုးခေါင်မှုဒဏ်ကို လေးနှစ်ဆက်တိုက် ကြုံတွေ့ခဲ့ရသည့် အပြင် ပြီးခဲ့သည့်၂၀၁၉ ခုနှစ်နှင့်၂၀၂၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ကျိုင်းကောင်များ၏ ဝင်ရောက်ဖျက်ဆီး မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ကျိုင်းကောင်များ ဝင်ရောက်လာမှုကြောင့် ဒေသတွင်းရှိပြည်သူများ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ လက်ရှိတွင် မိုးခေါင်ရေရှားမှုနှင့် ပဋိပက္ခများကြောင့် အာဖရိကဦးချိုဒေသ၌ လူပေါင်း ၆၄ သန်းခန့်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။
ထို့ကြောင့် အာဖရိကဦးချိုဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများက အရေးတယူ တုံ့ပြန်လုပ်ဆောင်ရန် လိုအပ် လျက်ရှိသည်။ မိုးခေါင်ရေရှားမှုသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
စင်စစ်တွင် အာဖရိကဦးချိုဒေသသည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် လက်နက် ကိုင်ပဋိပက္ခများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့ရေး လမ်းကြောင်းပြတ် တောက်မှု၊ ဒေသအတွင်းသို့ပေးအပ်မည့် အကူအညီပေးရေး ငွေကြေးများ အခြားဒေသ များသို့ လမ်းကြောင်းပြောင်း ရောက်ရှိသွားခြင်းကြောင့် အစားအစာပြတ်လပ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများ နှင့် ပိုမိုရင်ဆိုင်ခဲ့ရဖွယ်ရှိသည်။
ထို့ပြင် အစားအစာနှင့် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုများကလည်း အာဖရိက ဦးချိုဒေသတွင်းရှိ နိုင်ငံများ၏ အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုနိုင်သည်။
ဒေသတွင်း၌ သန့်စင်သည့်သောက်သုံးရေ ရှားပါးခြင်းကလည်း ကလေးသူငယ်များတွင် ရောဂါဖြစ်ပွားမှုအန္တရာယ်ကို ပိုမို မြင့်တက်စေလျက်ရှိသည်။
အာဖရိကဦးချိုဒေသသည် ရာသီဥတု ဆိုးရွားမှု၊ မိုးခေါင်ရေရှားမှုနှင့် အခြားသဘာ၀ ကပ်ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရလေ့ရှိသည့် ဒေသကြီး တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းကလည်း အရှေ့အာဖရိကတွင် ဆိုးရွားသည့် မိုးခေါင်ရေရှား မှုကြီး ဖြစ်ပွားခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ အလျင် အမြန်တုံ့ပြန် ဆောင်ရွက်ချက်များကြောင့် ဒေသတွင်းရှိ အချို့နိုင်ငံများတွင် အငတ်ဘေး ဆိုက်ရောက်မည့်အန္တရာယ်အား ထိရောက် စွာတားဆီးနိုင်ခဲ့သည်။
သို့သော် ၂၀၁၁ ခုနှစ်အတွင်းက ဖြစ်ပွား ခဲ့သည့် မိုးခေါင်ရေရှားမှုအတွင်း ဒေသ အတွင်းရှိ အသက်ခြောက်နှစ်အောက်ကလေး သူငယ် ၂၆၀၀၀၀ ဦး သေဆုံးခဲ့ရသည်။ အကြောင်းမှာ အာဖရိကဦးချိုဒေသ၌ ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုကို အလျင်အမြန် တုံ့ပြန်ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းက ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂအဖွဲ့က ပြစ်တင်ဝေဖန်ထားသည်။
အာဖရိကဦးချိုဒေသတွင် ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုသည် လူသားများကို သာမက မွေးမြူရေး တိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွားများကိုပါ ခြိမ်းခြောက်လာခဲ့ပြီဖြစ်သည်။ ကျွဲ၊ နွားနှင့် အခြားမွေးမြူရေး တိရစ္ဆာန်များသည် အဆိုပါဒေသတွင်းရှိ ပြည်သူများ အသက်ရှင် ရပ်တည်နေနိုင်ရေး အတွက် မရှိမဖြစ် လိုအပ်နေသည့် အစား အစာအရင်းအမြစ် တစ်ခုဖြစ်သောကြောင့် လက်ရှိဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုသည် ဒေသတွင်းရှိ နိုင်ငံများကိုပါ ခြိမ်း ခြောက်လာနိုင်သောကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် အာဖရိကဦးချိုဒေသတွင် ဖြစ်ပွားနေသည့် ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခနှင့် မိုးခေါင်ရေရှားမှုကို လျစ်လျူရှုခြင်းမပြုဘဲ အလျင်အမြန် တုံ့ပြန်ဖြေရှင်း သင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
မောင်ယုယ