မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့် ပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့် ပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျ ဆင်းသွားပြီဖြစ်သဖြင့် ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် သုံးခွမြို့နယ်၊ ကတုံးပေါ်အလယ်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် စာသင်ကျောင်းများ၌ လိုအပ် သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်ကြ သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိ နေအိမ် ၂၈ လုံး ပြိုကျပျက်စီးခဲ့ပြီး ရေဘေးသင့်ပြည်သူများသည် အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ခေတ္တ တည်းခိုနေထိုင်လျက်ရှိသည်။
အဆိုပါ နေအိမ်များပြိုကျပျက်စီးခဲ့သည့် ကျေးရွာသို့ ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ရေးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေးသင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို ပေးအပ်ကြကာ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။