မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်- ၂
    

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် အများပြည်သူအသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် ဘီးလင်း မြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသဖြင့် ဘီးလင်း မြို့နယ်၊ ဘိုးလှကြီးရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာများမှ ရေဘေးသင့်အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၇၉ ဦးအား ဘိုးလှကြီးရပ်ကွက်၊ ပိန္နဲတောဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၆ ဦးအား မြို့သစ်အခြေခံပညာမူလတန်းကျောင်းသို့ လည်းကောင်း၊ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၅ ဦးအား ရွှေလှေကျေးရွာ၊ မြောက်ကျောင်း ဘုန်းကြီးကျောင်းသို့လည်းကောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်  နယ်မြေခံတပ်မတော် သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ပြောင်းရွှေ့နေရာ ချထားပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
    

ထို့ပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နှင့် ရွှေဂွန်းမြို့များရှိ ရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများနှင့် အနိမ့်ပိုင်းရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ နှင့် ဌာနဆိုင်ရာများမှ ဆန်နှင့်စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့အတွင်းရှိ ပျို့အိုင်ကျေးရွာနှင့် မြေမအုံကျေးရွာများမှ ရေဘေးသင့် ပြည်သူများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လည်းကောင်း ဆန်၊ ရေဘူးများနှင့် စားသောက်ဖွယ်ရာများကို သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။