မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်းက ရာသီဥတုပြောင်းလဲမှုကို တားဆီးရာတွင် အရေးပါဟုဆို

သဘာဝဓာတ်ငွေ့တွင် အဓိကပါဝင်သော မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်းသည် ရာသီဥတု ပြောင်းလဲမှုကို တားဆီး ကာကွယ်ရာတွင်   ပိုမိုအရေးပါကြောင်း ကုလသမဂ္ဂ၏ သမိုင်းဝင်အစီရင်ခံစာ တစ်ရပ်အရသိရသည်။

နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့ပါဝင်အကဲဖြတ်ထားသော ထိုအစီရင်ခံစာသည် ကမ္ဘာကြီးအနေဖြင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စေသောဓာတ်ငွေ့ ထုထ်လွှတ်မှုများကို ပိုမိုလျင်မြန်စွာ ထိန်းချုပ်ရေး စတင်ရန်နှင့် မီသိန်းဓာတ်ငွေ့လျှော့ချမှုက   အချိန်တိုအတွင်း ထိရောက်မည်ဟူသော အချက်ကို ညွှန်ပြနေသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းအများအပြား ရပ်တန့်ခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်တွင် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု  စံချိန်တင်မြင့်တက်သည် ဟူသော အစီရင်ခံစာအသစ် တစ်ရပ် ထွက်ပေါ်ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုမှ မီသိန်း ထုတ်လွှတ်မှုသည် ခန့်မှန်းထားသည်ထက် စောစွာ ပိုမိုများပြားဖွယ် ရှိကြောင်း သိပ္ပံအထောက်အထား ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာအရ    ရုပ်ကြွင်းလောင်စာ အသုံးပြုလုပ်ငန်းများ အနေဖြင့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုများကို အနည်းငယ် သို့မဟုတ် ကုန်ကျစရိတ် မထိခိုက်စေဘဲ    လျှော့ချရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မီသိန်းဓာတ်ငွေ့သည် အလွန်ပြင်းထန်သော ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်သည့်အတွက် ထိုဓာတ်ငွေ့ လျှော့ချရေးသည်  အချိန်တိုအတွင်း ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အထူးအရေးပါမည်ဖြစ်သည့် အပြင် ထိုသို့တိုက်ဖျက်ရေး ရည်မှန်းချက်များကို ပိုမိုလျင်မြန်စွာ ဖြည့်ဆည်းနိုင်ဖွယ် ရှိကြောင်း သိရသည်။