မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်၌ ဉပ္ပါတသန္တိပါဠိတော်နှင့် ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲ ပြုလုပ်

မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်၌ ဉပ္ပါတသန္တိပါဠိတော်နှင့် ပရိတ်တရားတော် ရွတ်ဖတ် ပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရွှေစည်းခုံသာသနာ့ဗိမာန်တော်၌ ဉပ္ပါတသန္တိ ပါဠိတော်နှင့် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဆရာတော် ပဓာနနာယက၊ ဒွိပိဋကဓရ ဒွိပိဋကကော ဝိဒ ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မုံရွာမြို့၊ နိုင်ငံတော်ဩဝါဒါစရိယ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲနှင့် ပရိတ်ကျောက်များ ကို ဆက်ကပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရန်ကင်းကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး သံဃာတော်များက ဉပ္ပါတသန္တိပါဠိတော် နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ခိုသန်းကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် ဆရာကြီး များအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ ဉပ္ပါတသန္တိ ပါဠိတော်နှင့် ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ဩဂုတ် ၂၅ ရက်အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။