မုံရွာမြို့၌ ကြက်ဥဈေးနှုန်း ဈေးကောင်းရနေ

မုံရွာမြို့၌ ကြက်ဥဈေးနှုန်း ဈေးကောင်းရနေ

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် မုံရွာမြို့တွင် ကြက်ဥဈေးနှုန်း ဈေးကောင်းရနေကြောင်း မုံရွာမြို့ ကြက်မွေးမြူရေးဇုန် ဥက္ကဋ္ဌ ဦးညွန့်ရွှေထံမှ သိရသည်။

ကြက်ဥဈေးနှုန်းသည်  ပြီးခဲ့သည့် လပိုင်းက    ကြက်ဥတစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ ဈေးရှိပြီး  ယခုလက်ရှိ ကာလမှာ ကြက်ဥတစ်ပိဿာလျှင် ငွေကျပ် ၄၁ဝဝ ဈေးအထိ မြင့်တက်လာခြင်း ဖြစ်သည်။

မုံရွာမြို့တွင် ကြက်ဥဈေးနှုန်း ဈေးကောင်းရနေခြင်းကြောင့် ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း၊ကြက်မွေးမြူရာတွင် ကုန်ကျစရိတ်အနေဖြင့် ကြက်အကောင် တစ်ထောင်ပါခြံတစ်ခြံကို အကောင်ဖိုး၊ အစာဖိုးနှင့် ဆေးဖိုးအပါအဝင် ငွေကျပ်သိန်း ၆ဝ ကျော်ကုန်ကျကာ ကြက်သက်တမ်း လေးလသားအရွယ်တွင် စတင်၍ ဥစမ်းကြောင်း သိရသည်။

အဆိုပါမုံရွာကြက် မွေးမြူရေးဇုန်ကို ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ တည်ထောင်ခဲ့ပြီး  တည်ထောင်စဉ်က မြေကွက် ၁၂၃ ဒသမ ၄၅ ဧကရှိကာ  အကွက်ပေါင်း ၃၃ဝ ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း၊ မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၅၂ ဦးက ကြက်အကောင်ရေ ၅၈၅ဝဝ ကို ပြီးခဲ့သည့် ဇွန် ၂၇ နှင့်၂၈ ရက်တို့တွင် မုံရွာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ မှတ်ပုံတင်ထားကြောင်း  မုံရွာမြို့ ကြက်မွေးမြူရေးဇုန် ဥက္ကဋ္ဌ ဦးညွန့်ရွှေထံမှ သိရသည်။