မော်စကိုမြို့က ကိုဗစ်-၁၉ ရောဂါထပ်တိုး ကာကွယ်ဆေးများ ထိုးပေးနေ

ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေစဉ် မော်စကိုမြို့က ထပ်တိုး ကာကွယ်ဆေးများကို ဇူလိုင် ၁ ရက်မှစ၍ ထိုးပေးနေကြောင်း မြို့တော်ဝန်က ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် အလွန်ကူးစက်မြန် ပြင်းထန်ဒယ်တာ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှင့် ရင်ဆိုင်နေရစဉ် ကျန်းမာရေး ဝန်ကြီးဌာနက  အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ်အတွက် လမ်းညွှန်ချက် အသစ်များကို ဇွန် ၃ဝ ရက်တွင်  ထပ်မံထည့်သွင်း ပြဋ္ဌာန်းလိုက်သည်။

အဆိုပါ  လမ်းညွှန်ချက် အသစ်အရ ဆေးခန်းများအနေဖြင့်    လွန်ခဲ့သော ခြောက်လနှင့် အထက်က ကာကွယ်ဆေးထိုးမှု ခံယူထားသူများကို  ထပ်တိုးကာကွယ်ဆေး ထိုးပေးရမည်ဖြစ်သည်။

ထို့ကြောင့် ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ထပ်တိုး ကာကွယ်ဆေးထိုးပေးသည့် ကမ္ဘာ့ပထမဆုံး တစ်နိုင်ငံဖြစ်လာပြီဖြစ်သည်။

အရေးပေါ်ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် သတ်မှတ်ထားသည့် အဆိုပါ ထပ်တိုးကာကွယ်ဆေးထိုး အစီအစဉ်သည် နိုင်ငံအတွင်း ရောဂါကူးစက် ပျံ့နှံ့မှုမြင့်တက်နေစဉ်နှင့် ကာကွယ်ဆေးထိုးနှုန်း နည်းပါးနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်းကို ဇန်နဝါရီလကတည်းက စတင်ခြင်းဖြစ်သော်လည်း နိုင်ငံအတွင်းရှိ ပြည်သူ ၁၄၄ သန်းအနက် ၁၆ ရာခိုင်နှုန်းဖြစ်သော ၂၃ သန်းကိုသာ ကာကွယ်ဆေး ထိုးပေးရသေးသည်။