မော်လမြိုင်မြို့၊ မြဆည်းဆာဘိုးဘွားများ ခိုလုံရာရိပ်သာ၏ ထွန်းထေရာသနစံ ကျောင်းတော် ရေစက်ချမဟာမင်္ဂလာပြုလုပ်

နေပြည်တော်၊ မေ - ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြဆည်းဆာဘိုးဘွားများ ခိုလုံရာရိပ်သာ၏ ထွန်းထေရာသနစံကျောင်းတော် ရေစက်ချမဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစံကျောင်းတော်၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ မြစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များက ထွန်းထေရာသနစံကျောင်းတော်အတွင်း ကိန်းဝပ် စံပယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေန အနေကဇာတင်လှူ ပူဇော်ကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစေတီကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

၎င်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တိုင်းမှူးနှင့် အလှူရှင် များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြစေတီ ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။