မြင်းခြံမြို့နယ်၌ ကြက်သွန်နီအသစ် ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက် တောင်သူများ အရှုံးပေါ်

ယခုနှစ် ကြက်သွန်နီအသစ်ပေါ်ချိန်တွင် ပြည်ပတင်ပို့မှုမရှိခြင်းနှင့် ပြည်တွင်း အထွက်နှုန်း များပြားခြင်းတို့ကြောင့် မြင်းခြံ မြို့နယ်၌   ကြက်သွန်နီဈေးနှုန်း ကျဆင်းသဖြင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာအုပ်စုမှ ကြက်သွန်နီစိုက်တောင်သူ ဦးကျော်ဝင်း၏ ပြောပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သို့ ကြက်သွန်နီ မတင်ပို့နိုင်ခြင်း၊   ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးမှုများသဖြင့်  အထွက်နှုန်း များပြားခြင်းတို့ကြောင့်    ယခုနှစ် ကြက်သွန်နီဈေးနှုန်းမှာ တစ်ကြိမ်တစ်ခါမျှ    မဖြစ်ပေါ်ခဲ့ဖူးသော ဈေးနှုန်းသို့ ရောက်ရှိကာ စိုက်ပျိုးစရိတ်ပင် ပြန်မရသည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။

''ကြက်သွန်နီ ပထမတစ်ကြိမ် အသစ် ပေါ်တဲ့ ၂ဝ၂ဝ ပြည့်နှစ်  နိုဝင်ဘာလက တစ်ပိဿာကို ငွေကျပ် ၈ဝဝ လောက်ရတယ်။ အဲဒီကနေ တစ်ပိဿာကို ငွေကျပ် ၅ဝဝ  ဖြစ်လာတယ်။  တောင်သူတွေက   ဈေးနည်းတယ်ဆိုပြီး မရောင်းကြဘူး။ အဲဒီနောက်ပိုင်း ငွေကျပ် ၅ဝဝ ကနေ ၃ဝဝအထိ ဈေးကျဆင်းလာပြီး အခုဆိုရင် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂ဝဝ ပဲရှိတော့တယ်''ဟု ဦးကျော်ဝင်း ကပြောသည်။

ကြက်သွန်နီစိုက်ပျိုးရန်    တစ်ဧက ကုန်ကျစရိတ်မှာ  မြေငှားခမပါ ငွေကျပ် ၁ဝ သိန်းခန့်ကုန်ကျပြီး မြေငှားခ ပါဝင်ပါက တစ်ဧကလျှင်  ငွေကျပ်  ၁၂  သိန်းခန့် ကုန်ကျကြောင်းနှင့် မြင်းခြံမြို့နယ်၌ ကြက်သွန်နီဧက ၇ဝဝ ခန့် စိုက်ပျိုးကြောင်း သိရသည်။