မြင်းခြံမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအားပစ်ခတ်သတ်ခဲ့သူများနှင့်ပတ်သက်ဆက်နွယ်သည့် တရားခံများအား လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မြင်းခြံမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ၊ အပြစ်မဲ့ အရပ်သားပြည်သူများအားပစ်ခတ်သတ်ခဲ့သူများနှင့်ပတ်သက်ဆက်နွယ်သည့် တရားခံများအား လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၃၁

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်းများ၊ လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံ သတ်ဖြတ်ခြင်းများကို လူသားချင်း စာနာထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ကာ အကြမ်းဖက် သမားများ၏ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်း လျက်ရှိသည်။
    

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ သရဝဏ် ခန်းမရှေ့သို့ အမျိုးသား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ် ဗုံး ၁လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးခဲ့ရာ  မြင်းခြံ-ညောင်ဦးကားလမ်း ရွာစည်ကျေးရွာလမ်းဆုံ၌ တရားခံ မင်းမင်းလှိုင်၊ ၂၂ နှစ်နှင့် ကျော်ရဲခန့် (ခ) ဘယ်ကျော် ၊ ၂၁ နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
     

ဖမ်းဆီးရမိတရားခံ မင်းမင်းလှိုင် နှင့် ကျော်ရဲခန့်တို့ ၏ထွက်ဆိုချက်အရ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများတွင် ပါဝင်ပတ်သတ်သူ ဖြိုးဇော်ဦး (ခ) ဖြိုးဇော် ၊  ၂၀ နှစ် အား တောင်သာမြို့နယ်၊ ဖက်တောကျေးရွာအနီး ရှင်ပင်ဒေါနဲမိုးကောင်းကျောင်းအတွင်း၌ ၉ မမ ကျည် ၇၂ တောင့်၊ ပလတ်စတစ် လက်ပစ်ဗုံး ၁ လုံး၊ BA - ၉၁ လက်ပစ်ဗုံး ၁ လုံး၊ Shark အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးနှင့်အတူ  ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ ဆက်စပ်တရားခံ ရှိုင်းထက်(ခ)ငရှိုင်း၊ ၂၃နှစ်အား မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
    

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြင်းခြံမြို့နယ် အတွင်း တရားမဝင်ဖွဲ့စည်းထားသော ZERO NINE အကြမ်းဖက်အဖွဲ့တွင် ပါဝင်သူများ ဖြစ်ပြီး ၎င်းအဖွဲ့တွင် အဖွဲ့ဝင် ၁၇ ဦး ခန့်ရှိကြောင်း၊ အဆိုပါအဖွဲ့အား မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက်မှ ဉူးဇင်းပန် (ဖမ်းဆီးရန်ကျန်)နှင့် ဆုမြတ်လင်း (ဖမ်းဆီးရန် ကျန်)တို့မှ ဦးဆောင်လျက်ရှိကြောင်း၊ ၎င်းအဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်း ဖောက်ခွဲ ဖျက်ဆီးရေးနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက် နေသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
    

ဖမ်းဆီးရမိ တရားခံများသည် မြင်းခြံမြို့နယ်အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၇ ကြိမ်ခန့် ပါဝင်ခဲ့ပြီး မေလ ၂၇ ရက်တွင် ဆားခါးကျေးရွာ၊ အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်အား  သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း၊ ဇွန်လ ၁၈ ရက်တွင် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် လမ်းကြောင်းရှင်းပေးနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲဝင်အား ပစ္စတို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ဇွန်လ ၂၇ ရက်တွင် ရွာစည်ကျေးရွာအနီး၊ မြင်းခြံ- ညောင်ဦး ကားလမ်းပေါ်၌ သဲဖြူကျေးရွာမှ  အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း၊ ဇူလိုင်လ ၄ ရက်တွင် အမှတ်(၁၉)ရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းများတွင် ပူးပေါင်းပါဝင်ကျူးလွန်ထားသူများ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
    

သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် လုပ်ဆောင်မည့် တရားခံ ၄ ဦးအား ၉ မမကျည် ၇၂ တောင့်၊ ပလတ်စတစ်လက်ပစ်ဗုံး ၁ လုံး၊ BA-91 လက်ပစ်ဗုံး ၁ လုံး၊လက်လုပ်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးနိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။