မြစ်ကြီးနားမြို့နှင့် ကွတ်ခိုင်မြို့နယ် အတွင်းတို့၌ ကုန်ပစ္စည်းများနှင့် စက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို KIA အဖွဲ့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ - ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ တနိုင်းမြို့ရှိ တိမ်လွှာနန်းကုမ္ပဏီသို့ ကုန် ပစ္စည်းများ ပို့ဆောင်ရန် ယာဉ်မောင်း အာကာ(ဘ)ဦးတင်ငွေ မောင်းနှင်၍ သဲကိုအောင် (ဘ)ဦးစိုင်းကျော်စွာအောင်လိုက်ပါလာသည့် ယာဉ်အမှတ်၊ 1C/---- ၊၁၂ ဘီးယာဉ်သည် မေ ၁၇ ရက်ညနေ ၄ နာရီခန့်တွင် မြစ်ကြီးနား- တနိုင်းကားလမ်းပေါ်ရှိ တိန်ကောက် ကျေးရွာ၏တောင်ဘက် ၂ မိုင်ခွဲခန့်အကွာရှိ ကျားထိန်းသိမ်းရေး စခန်းဟောင်း နေရာသို့အရောက်၌ လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် KIA အဖွဲ့က ရပ်တန့် ခိုင်းပြီး ပစ္စည်းအချို့အားယူဆောင်ကာ မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အာကာနှင့် သဲကိုအောင်တို့ ၂ ဦးအား ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မူဆယ်မြို့ ဘက်မှ လားရှိုးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ခြူးကမ္ဘာ ကုမ္ပဏီလီမိတက်မှ ဆီဘောက်ဆာ ၂၂ ဘီးယာဉ် မော်တော်ယာဉ်အမှတ်၊ MDY 9M/-- သည် ယနေ့နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် နမ့်ပါချီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် KIA အဖွဲ့က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မော်တော်ယာဉ်အား တားဆီးသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးမှာမော်တော်ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်းနှင့် အဆိုပါ ဆီဘောက်ဆာယာဉ် အား KIA အဖွဲ့ကအကြောင်းမဲ့ မီးရှို့ဖျက်ဆီးကာပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လူမှုကွန်ယက် စာမျက်နှာများ၊ အကြမ်းဖက် အဖွဲ့အဖြစ် ကြေငြာထားသော တရားမဝင် အဖွဲ့အစည်းများကို ထောက်ခံရေးသား လျက်ရှိသည့် အချို့မီဒီယာများတွင် မြန်မာ့တပ်မတော်၏ လေယာဉ်ဆီများ တင်ဆောင်လာသည့် ယာဉ်တန်းကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထုတ်လွှင့်လျက် ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ တပ်မတော်၏ ဆီသယ်ယာဉ်တန်းအား တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ ဒေသခံပြည်သူလူထုများ အသုံးပြုရန်အတွက် တိမ်လွှာနန်းကုမ္ပဏီနှင့် ခြူးကမ္ဘာ ကုမ္ပဏီလီမိတက်တို့မှ သယ်ဆောင်လာသည့် စက်သုံးဆီများသာ ဖြစ်ပြီး ယခုကဲ့သို့ KIA အဖွဲ့က အကြမ်းဖက် မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့် မှုများကို ရင်ဆိုင်ကြုံတွေ့ လာရနိုင်သဖြင့် အဆိုပါလုပ်ရပ်အပေါ် ဒေသခံပြည်သူ များက ရွံရှာစက်ဆုပ်လျက်ရှိကြောင်းနှင့် အဆိုပါနေရာများ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ အသီးသီး တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။