မြန်မာကလပ်အသင်းအပါအဝင် အာဆီယံဒေသတွင်း ထိပ်တန်းကလပ်အသင်းခြောက်သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၁ အာဆီယံ ဖူဆယ်ဖလားပြိုင်ပွဲကို စက်တင်ဘာလအတွင်းကျင်းပမည်

ရန်ကုန်၊ ဖူဆယ်

မြန်မာနိုင်ငံမှ ကလပ်အသင်းတစ်သင်း အပါအဝင် အာဆီယံဒေသတွင်း ထိပ်တန်း ကလပ်အသင်းခြောက်သင်းပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၁ အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ ကို စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ၌  ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံ ဖူဆယ်ဖလားပြိုင်ပွဲကို  ၂၀၀၁  ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်အတွင်းက  ကိုဗစ်-၁၉  ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲမကျင်းပနိုင်ခဲ့ ဘဲ တစ်နှစ်ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်မှသာပြန် လည် ကျင်းပ ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က အစောပိုင်းက  အာဆီယံဖူဆယ်ဖလားပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကျင်းပရန် စီစဉ်ခဲ့သော် လည်း အာဆီယံဒေသတွင်း နိုင်ငံများ၌  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု  ဆက်လက်မြင့်တက်နေသည့်အတွက် ထပ်မံ ရွှေ့ဆိုင်းခဲ့ရ ပြီးနောက် ယခုအခါ စက်တင် ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က အာဆီယံ ဖူဆယ်ဖလားပြိုင်ပွဲကို အာဆီယံ ဒေသတွင်းမှ သက်ဆိုင်ရာဖူဆယ်လိဂ်ပြိုင် ပွဲများတွင် ချန်ပီယံဆုရရှိသည့်အသင်းများဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ အာဆီယံ ဖူဆယ်ဖလားပြိုင်ပွဲတွင်လည်း  အိမ်ရှင် ထိုင်းနိုင်ငံမှ ကလပ်အသင်းတစ်သင်းအပါ အဝင် စုစုပေါင်း ပြိုင်ပွဲဝင်အသင်းခြောက် သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

၂၀၂၁ အာဆီယံဖူဆယ်ဖလားပြိုင်ပွဲတွင်   ထိုင်းနိုင်ငံကိုယ်စားပြုအသင်းဖြစ် သည့် Port FC၊  ဗီယက်နမ်နိုင်ငံကိုယ် စားပြုအသင်းဖြစ် သည့် Sahako FC၊ မလေးရှားနိုင်ငံ ကိုယ်စားပြုအသင်းဖြစ် သည့် Selangor FC၊ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု အသင်းဖြစ်သည့်    SKN Kabumen အသင်း၊ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ကလပ်အသင်းဖြစ်သည့် Mohahang All Star FC နှင့်  မြန်မာ နိုင်ငံကိုယ်စားပြုအသင်းဖြစ်သည့်  MIU FC တို့  ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

MIU FC သည်  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သည့်  ၂၀၁၉-၂၀၂၀ မြန်မာဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန် ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၂၀၂၁ အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ  သမိုင်း တစ်လျှောက်   အအောင်မြင်ဆုံးအဖြစ် ထိုင်းကလပ်အသင်းများက   စုစုပေါင်း ချန်ပီယံဆု ၁၅ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး အအောင်မြင်ဆုံးနိုင်ငံ အဖြစ်ရပ်တည်နေကာ မြန်မာကလပ်အသင်းများအနေဖြင့် အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၂၀၁၆ ခုနှစ် က Runner Up  ဆု တစ်ကြိမ်နှင့် ၂၀၀၆ ခုနှစ်နှင့်  ၂၀၀၇ ခုနှစ်တို့တွင် တတိယ ဆုနှင့် ၂၀၁၉ ခုနှစ်က စတုတ္ထဆုတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။   

STA